တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းလိုတဲ့ ဆရာဝန် နည်းပါး

ပြည်နယ်အသီးသီးက တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် လိုအပ်နေတာကြောင့် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် အလုပ်လျှောက်တဲ့ ဆရာဝန်ဦးရေ အလွန်နည်းပါးနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ဆေးရုံကို တွေ့ရစဉ် Photo: Aung San Myint

ပြည်နယ်အသီးသီးက တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် လိုအပ်နေတာကြောင့် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် အလုပ်လျှောက်တဲ့ ဆရာဝန်ဦးရေ အလွန်နည်းပါးနေပါတယ်။

မြန်မာနိုင်ငံအနှံ့က ဆေးရုံအတော်များများမှာ ဆရာဝန်လိုအပ်ချက်ရှိနေတာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက တိုက်နယ်ဆေးရုံတွေမှာဆိုရင် ပိုမိုလိုအပ်နေတာ တွေ့ရပါတယ်။

ဆရာဝန်လိုအပ်မှုကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းနိုင်ဖို့ ပြည်နယ် ခုနှစ်ခုမှာ သက်ဆိုင်ရာ အစိုးရအစီအစဉ်နဲ့ ဆရာဝန်တွေ ဒီနှစ်ဆန်းပိုင်းမှာခေါ်ယူခဲ့ပါတယ်။ စုစုပေါင်း ၆၁၅ ဦး နေရာအတွက် ခေါ်ယူခဲ့တာပါ။ တချို့ပြည်နယ် တွေမှာဆိုရင် လျှောက်ထားသူ လုံးဝမရှိပါဘူး။ လျှောက်ထားသူ စုစုပေါင်း ၂၉ ဦးသာ ရှိခဲ့တာကြောင့် ဆရာဝန် လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းတောင် မပြည့်ခဲ့တာကို တွေ့ရပါတယ်။

တိုက်နယ်ဆေးရုံတွေမှာ တာဝန်ကျတဲ့ ဆရာဝန်တွေဟာ အလုပ်ဝန်ပိမှု၊ လုပ်ငန်းမကျွမ်းကျင်မှု စတဲ့အခက်အခဲ တွေကို ကြိုမြင်လို့ အလုပ်မလျှောက်ကြတာဖြစ်နိုင်တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သုံးသပ်ပါတယ်။

“တိုက်နယ်ဆေးရုံတွေမှာ အကူတစ်ယောက်မှ မရှိတဲ့အခါကျတော့ ကလေးမွေးလည်း ကိုယ်ပဲ၊ မေ့ဆေးပေး လည်း ကိုယ်ပဲ၊ ခွဲရင်လည်း ကိုယ်ပဲပေါ့နော်။ အဲဒီတော့ အဲဒီ ထရိန်နင်တွေက တော်တော်ကျွမ်းကျင်ပြည့်စုံမှ တိုက်နယ်ဆေးရုံမှာ လုပ်ရဲတယ်။ အဲဒီအတွေ့အကြုံတွေ မရှိဘဲနဲ့ တိုက်နယ် ဆေးရုံတွေကိုသွားရင် ဆရာဝန် တစ်ယောက်အနေနဲ့ တော်တော်အခက်အခဲရှိပါတယ်။  တိုက်နယ်မှာ ရွာတွေမှာနေရတာ များတယ်။ အခု ခေါ်တဲ့ဟာတွေဆိုရင် ပြည်နယ်တွေ ဖြစ်နေတာကိုး။ ပြည်နယ်တွေရဲ့ ရွာတွေက ပိုပြီးတော့ စားသောက်ရေး၊ နေရေးထိုင်ရေး ခက်ခဲတယ်။ နောက်တစ်ခါ လုံခြုံရေး အခက်အခဲတွေလည်း အများကြီးရှိတယ်။ အဲဒီအချက် တွေ အများကြီးကြောင့် လျှောက်တဲ့သူ နည်းတယ်လို့ ထင်တယ်”

အစိုးရကပေးတဲ့လစာ၊ မိခင်ဌာနက လုပ်ငန်းခွင်လုံခြုံမှုမရှိတာ၊ ပင်စင်ရရင်လည်း ဘဝအာမခံချက် မရှိတာ၊ ခက်ခဲပြီး ဝေးလံတဲ့ ဒေသတွေကို တာဝန်ချထားတဲ့ မူဝါဒတွေမှာ ပွင့်လင်းမှုမရှိတာ စတဲ့ အခက်အခဲတွေကြောင့် ဆရာဝန်တွေက လာလျှောက်တာနည်းပါးနေတာဖြစ်တယ်လို့ တိုက်နယ် ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကို ဝင်ရောက်ပြီး နှုတ်နဲ့သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရ တာမျိုးတွေရှိရင် မိခင်ဌာနရဲ့ ကာကွယ်မှုဆိုတာလည်း မရှိဘူး။ လုပ်ငန်းခွင်လုံခြုံမှုလည်း မရှိဘူး။ ဝေးလံခေါင်ဖျားဒေသတွေကို တာဝန်ချျထားတဲ့ မူဝါဒတွေမှာ  ပွင့်လင်းမြင်သာမှု မရှိဘူး။ မျှတမှုမရှိဘူး။ နောက်တစ်ခုက လုပ်ငန်းခွင်ထဲမှာ တပည့်မွေး ဆရာမွေးတွေရှိတယ်။ တိုက်နယ်ဆရာဝန်တွေရဲ့ ၃၆၅ ရက်လုံး တစ်ရက်မှ ပိတ်ရက် နားရက် မရှိဘဲ လုပ်ကိုင်နေရတာတွေကလည်း ဝန်ထမ်းတစ်ယောက်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရနေရတာပဲ။ ဒါတွေကိုကြည့်ပြီး နောက်လူတွေက မဝင်လာရဲတာပဲ”

ရန်ကုန်မြို့မှာ နေထိုင်တဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကျော်စွာဦးကတော့ ဒါဟာ ပြသနာအဟောင်းတစ်ခုဖြစ်တယ်လို့ ထောက်ပြပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ အထက်တန်းစာမေးပွဲမှာ အမှတ်များသူတွေသာ ဆေးတက္ကသိုလ် တက်ရတဲ့ စနစ်ကြီးတစ်ခုရှိနေတဲ့အတွက် ဒီပြဿနာကို ကုစားဖို့လိုပြီလို့ ဆိုပါတယ်။

“ကျွန်တော်အကြံပြုလိုတာက ဟိုဖက်ခေတ်တွေတုန်းကလိုပဲ ဆမ ( ဆေးကုသခွင့်လက်မှတ် ) ပေးတဲ့အခါမှာ အနည်းဆုံး သုံးနှစ်လောက် လုပ်ပြီးမှ ဆမ ပေးတဲ့စနစ်တော့ ပြန်ကျင့်သုံးသင့်တယ်လို့ ထင်ပါတယ်။ ဒါကို ပြန်စဉ်းစားရမယ် ထင်တယ်။ အနည်းဆုံး သုံးနှစ်တာဝန်ထမ်းပြီးမှ ဆမ ပေးတာမျိုးပေါ့နော်။ ဒါပေမဲ့ အဲလိုပေးရင်လည်း လစာတစ်ခုလည်း တိုးပေးရင်လဲ တိုးပေး၊ ဒါမှမဟုတ် အခြား ခံစားခွင့်တွေလည်း တိုးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်”

မြို့ပေါ်က ဆေးရုံတွေမှာတော့ ဖွဲ့စည်းပုံအရ ရှိသင့်တဲ့ ဆရာဝန်အရေအတွက်နဲ့ လက်ရှိရှိနေတဲ့ အရေအတွက် သိပ်ကွာဟမှု မရှိပေမယ့် ဝေးလံခေါင်ဖြားတဲ့ နယ်ဒေသတွေမှာတော့ ဆရာဝန် အလွန်နည်းနေတာပါ။

ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်ဖို့အတွက် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေ လုံလောက်မှု မရှိတာကြောင့် နစ်နာနေရတာ အများအပြား ရှိခဲ့တယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက ပြီးခဲ့တဲ့ မေလ ၁၈ ရက်က ပြည်သူ့လွတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

“နန်းယွန်းမြို့နယ်မှာ မြို့နယ် ဆေးရုံ တစ်ခု၊ တိုက်နယ် ဆေးရုံ နှစ်ခုရှိပေမယ့် ဒီကနေ့အချိန်အထိ ကျန်းမာရေး စောင့်ရှောက်မှုအပြည့်အ၀ မရနိုင်သေးပါဘူး။ အထူးသဖြင့် မြို့နယ်နဲ့ တိုက်နယ် ဆေးရုံတွေမှာ ဆရာဝန် တွေကို ဖွဲ့စည်းပုံအတိုင်း ခန့်ထားပေးမှု မရှိတာ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ဖွဲ့စည်းပုံအတိုင်း အပြည့်အ၀ ခွဲဝေပေးမှု မရှိသေးပါဘူး။ ဆရာဝန်တွေမရှိတဲ့အတွက် ပြည်သူတွေရဲ့ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရ တာတွေလည်း အများကြီးရှိခဲ့ပါတယ်”

တိုက်နယ်ဆေးရုံတွေရဲ့ ဆရာဝန်လိုအပ်ချက်ကို  အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ ဆေးရုံတွေမှာ ခန့်အပ်သွားဖို့ ဆောင်ရွက်နေပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လိုအပ်နေတဲ့ ဆရာဝန်ဦးရေ ၁၃၀၃ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ပြည်နယ် ခုနှစ်ခုမှာ လျှောက်လွှာခေါ်ယူရာမှာ လာလျှောက်တဲ့ ဆရာဝန်ဦးရေ ၃၀ နီးပါးပဲရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဆရာဝန်မလုံလောက်မှု ပြဿနာကြောင့် ရှိနေတဲ့ဆရာဝန်တွေ အလုပ်ဝန်ပိလာတဲ့ အကျိုးဆက်အနေနဲ့ ကုသမှုအပိုင်းမှာ မှားယွင်းမှု ဖြစ်လာမှာကို စိုးရိမ်တာ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်တာ များလာတော့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဆရာဝန်တချို့လည်း ရှိနေပါတယ်။ ဒါတွေကလည်း ဆေးရုံမှာ လုပ်ကိုင်ဖို့ ဝန်လေးရတဲ့အကြောင်းရင်းတချို့ပါပဲ။

အစိုးရလစာထက် အနည်းဆုံး သုံး၊ လေးဆနီးပါး ပိုရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဆေးကုမ္ပဏီတွေကို ရောက်သွားတဲ့ ဆရာဝန်တွေလည်း ရှိနေပါတယ်။

ဒါကြောင့် ပြည်နယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဝန်တွေ နည်းပါးလာပြီး လူနာနဲ့ ဆရာဝန် အချိုးမမျှတမှုတွေကြောင့်လည်း ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိလာတယ်လို့ သုံးသပ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org