ပဏာမကြားနာစစ်ဆေးမှု စတင်ကြောင်း ICC ကြေညာ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှောင်းထုတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ပဏာမ ကြားနာစစ်ဆေးမှုတွေကို စတင်လိုက်ကြောင်း နယ်သာလန်နိုင်ငံ The Hague မြို့ရှိ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့ မနေ့က ကြေညာပါတယ်။
-
2018-09-19 -
-
-
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှောင်းထုတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ပဏာမ ကြားနာစစ်ဆေးမှုတွေကို စတင်လိုက်ကြောင်း နယ်သာလန်နိုင်ငံ The Hague မြို့ရှိ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့ မနေ့က ကြေညာပါတယ်။
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စွဲချက်တင်ရှေ့နေချုပ် Fatou Bensouda ဖာတူ ဘင်ဆော့ဒါ က ရိုဟင်ဂျာတွေ မှောင်းထုတ်ခံရမှုနဲ့ ပတ်သက်ပြီး ရှေးဦးစုံစမ်းရရှိခဲ့တဲ့ အချက်အလက်တွေအရ ဒီကိစ္စကို စစ်ဆေးစီရင်ဖို့ ICC တရားသူကြီးအဖွဲ့က အတည်ပြုခဲ့ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အဖွဲ့ဝင်မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင် ဖြစ်တဲ့အတွက် တရားစီရင်ခွင့် ရှိကြောင်း၊ ရိုဟင်ဂျာတွေအနေနဲ့ အဲဒီလို မောင်းထုတ်ခံရမှုသာမက တခြားပြစ်မှုတွေ ကျူးလွန်တာကို လည်း ခံစားခဲ့ရဖွယ်ရှိကြောင်း၊ ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ်အဆင့်အဖြစ် ပဏာမ ကြားနာစုံစမ်း စစ်ဆေးမှုတွေကို အပြည့်အဝဆောင်ရွက်ဖို့ မိမိ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီလို ကြားနာစစ်ဆေးမှုတွေ ထဲမှာ ရိုဟင်ဂျာတွေ ထွက်ပြေးမှု ပေါ်ပေါက်ရခြင်းရဲ့ အကြောင်းရင်းတွေအဖြစ် အခြေခံ လူ့အခွင့်အရေး ချိုးဖေါက် မှုတွေဖြစ်တဲ့ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု၊ ထွက်ပြေးပျောက်ကွယ်မှု၊ ဖျက်ဆီးမှုနဲ့ လုယက် မှုတွေ ပါဝင်မှာဖြစ်တယ်လို့ သူမကပြောကြားပါတယ်။ ဒါ့အပြင် မိမိရုံးအဖွဲ့အနေနဲ့ ဥပဒေမဲ့ အပြစ်ပေးမှုနဲ့ တခြား ရာဇဝတ်မှုတွေ ဖြစ်ပေါ်ခဲ့သလားဆိုတာကိုလည်း စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ လူ့အခွင့်အရေးချိုးဖေါက်တဲ့ ရာဇဝတ်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိတဲ့အခြေအနေ သို့မဟုတ် အဲဒီလိုအရေးယူ အပြစ်ပေးလိုတဲ့ ဆန္ဒမရှိတဲ့ အခြေအနေမျိုးမှာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ စစ်ဆေးအပြစ်ပေးခြင်းဟာ နောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့လည်း ရှေ့နေချုပ် Fatou Bensouda ဖာတူ ဘင်ဆော့ဒါ က ပြောကြားပါတယ်။
ဒါ့အပြင် မိမိတို့အဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးဖို့အတွက် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေနဲ့ လိုအပ်သလို ဆက်သွယ်ဆောင်ရွက်မှာဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက် စုံစမ်းရေးကော်မရှင်က မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၄၄ မျက်နှာပါဝင်တဲ့ အစီရင်ခံစာကို ထုတ်ပြန်တင်ပြလိုက်တဲ့နေ့မှာပဲ ICC က အခုလိုကြေညာခဲ့တာပါ။
အခုလို ICC က ကြားနာစစ်ဆေးမှုတွေကို စတင်လိုက်ကြောင်း ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး AI လန်ဒန် အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြိုဆိုကြောင်းနဲ့ ဒီပြဿနာကို ICC က စစ်ဆေးစီရင်နိုင်အောင် လုံခြုံရေးကောင်စီက လွှဲပေးသင့်ကြောင်း ထုတ်ပြန်ပြောကြားပါတယ်။