ထိုင်းကို တရားမဝင်လာတဲ့ မြန်မာများ နေ့စဉ်ရှိနေ

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၉ ရက်နေ့ထိ ထိုင်းနိုင်ငံကို တရားမဝင် အထောက် အထားမဲ့ ဝင်လာသူ ၆၀၀ လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာ ၈၅ ဦးကို ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့စဉ် Photo: Army PR Center

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၉ ရက်နေ့ထိ ထိုင်းနိုင်ငံကို တရားမဝင် အထောက်အထားမဲ့ ဝင်လာသူ ၆၀၀ လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဒီနေ့ တနေ့တည်းဆိုရင် ၂၀၀ ကျော်လောက်ဝင်တယ်။ နှစ်သစ်ကူးကာလမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၉ ရက်နေ့ထိ တရားမဝင် မြန်မာ ၆၀၀ လောက် ဝင်လာတယ်လို့ ခန့်မှန်းသုံးသပ်လို့ရတယ်။ ဒါက ဖမ်းမိတဲ့ ဦးရေပါ။ မဖမ်းမိဘဲ ပွဲစားတွေနဲ့ ငွေပေးပြီးတော့ လွတ်မြောက်သွားတဲ့ အရေအတွက်က အဲဒီထက် နှစ်ဆသုံးဆတောင်များနိုင်တယ်”

အခုလို တရားမဝင် ဝင်ရောက်လာတာဟာ ထိုင်းအစိုးရက တရားဝင် အထောက်အထားတွေ လုပ်ပေးနေလို့ ဝင်လာကြတာ ဖြစ်သလို၊ မြန်မာပြည်တွင်းက နိုင်ငံရေးနဲ့စီးပွားရေး အကျပ်အတည်းတွေကြောင့်လည်း အဖမ်းအဆီးတွေကြားက ထိုင်းမှာအလုပ်ရဖို့ စွန့်စားပြီး ထွက်လာနေကြတာလို့ ဦးမိုးကြိုးက ပြောပါတယ်။

"ရှင်းရှင်းပြောရရင် မိသွားလို့သာသတင်းဖြစ်လာတာပါ။ ဝင်လာတာက နေ့စဉ်နဲ့အမျှ"

ကန်ချနဘူရီ၊ ချင်းရိုင်၊ တပ်ခ်၊ ပရကွတ်ခရီခန်၊ ရနောင်း၊ မယ်ဟောင်ဆောင် စတဲ့မြန်မာနဲ့ကပ်ရက် ထိုင်းနယ်စပ်ခရိုင်တွေက အများဆုံး ဝင်လာနေကြတာပါ။

နှစ်သစ်ကူးကာလမှာ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံအလုပ်သမားတွေ နေစဉ် ရှိနေတာက နှစ်သစ်ကူးကာလမှာ စစ်ဆေးမှုတွေ နည်းနိုင်တယ်ဆိုပြီး ဝင်လာကြတာ ဖြစ်တယ်လို့ ထိုင်း တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ရှင်းရှင်းပြောရရင် မိသွားလို့သာသတင်းဖြစ်လာတာပါ။ ဝင်လာတာက နေ့စဉ်နဲ့အမျှ၊ နှစ်သစ်ကူးဆိုလို့ ရှိရင် ပွဲစားတွေကလည်း မက်လုံးပေးတာ။ နှစ်သစ်ကူးကာလဆိုလို့ရှိရင် နည်းနည်းချောင်တယ်ပေါ့နော်။ အဲဒါက နှစ်တိုင်းပါဘဲ၊ ဥပမာ သင်္ကြန်တို့၊ ဘုရင်မွေးနေ့တို့ ခုနပြောတဲ့ New Year တို့ဘာတို့ဆိုလို့ရှိရင် အတားအဆီးတွေ နည်းမယ်ဆိုတာကို ဒါကို အသုံးချပြီးတော့ ပွဲစားတွေကနေ အဲချိန်မှာ တွေ့ကြတာပေါ့”

ထိုင်းနိုင်ငံမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်ရဲ့ မကြာခင်ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ် အတွင်းမြန်မာအပါအဝင် ထိုင်းနိုင်ငံထဲဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆ သောင်းကျော် ရှိနေပြီလို့ ဦးမင်းဦးက ပြောပါတယ်။ ထိုင်းအစိုးရကတော့ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းလုပ်သား ၄ သောင်းကျော်ရှိတယ်လို့ ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။

(ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာ ၈၅ ဦးကို ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့စဉ်) Photo: Army PR Center

ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း ပရာကျွတ်ခရီခန်ခရိုင်နဲ့ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၈၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်မှာ ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူပွဲစားကို ဘတ်ငွေ ၁၅၀၀၀ ကနေ ၂၃၀၀၀ ထိ ပေးခဲ့ရပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်၊ ရတ်ချဘူရီ၊ ပထွမ်ဌာနီ စတဲ့ ခရိုင်တွေမှာ သွားရောက် အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်လာလို့ ဖမ်းဆီးခံရသူတွေကို ကိုဗစ်အရေးပေါ် ကာလဥပဒေ၊ လူကုန်ကူးမှု၊ နဲ့လူဝင်မှုကြီးကြပ်ရေး ဥပဒေ စတဲ့ ဥပဒေ ၃ ခုနဲ့အရေးယူလို့ရပေမယ့် လက်ရှိအချိန်မှာ ထိုင်းဘုရင်စစ်တပ်ရဲ့ လူသားချင်းစာနာမှုတွေကြောင့် မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ညှိနှိုင်းပြီး အကျဉ်းထောင်တွေမှာ ၃ လလောက်နေပြီးနောက် နေရပ်ကို ပြန်ပို့ပေးနေတာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေး နေသူတွေကပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org