မလေးရှားရောက်မြန်မာတွေ အစိုးရအကူအညီ မျှော်လင့်နေ
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လက်မဲ့ဘဝနဲ့ သောင်တင်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေက သူတို့ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
-
ခင်မောင်စိုး
2020-05-26 -
-
-
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး စီမံချက်တွေကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက မေလ ၈ ရက်မှာ ၉၃ ဦးနဲ့ မေလ ၂ဝ ရက်နေ့မှာ ၁၇၅ ဦး အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် မလေးရှားမှာ တရားမဝင် နိုင်ငံခြားအလုပ်သမား ၂ သန်းကျော်ရှိတဲ့အနက် မြန်မာအလုပ်သမား အရေအတွက်ကလည်း သိန်းပေါင်းများစွာရှိတယ်လို့ ခန့်မှန်းရပြီး အဲဒီလို တရားမဝင်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကတော့ မြန်မာပြည်ကို ပြန်ချင်ပေမယ့် မပြန်နိုင်ပဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဆဲပါပဲ။
အဲဒီ အလုပ်သမားတွေဟာ လုပ်ငန်းတွေပိတ်ထားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေကြသလို မလေးရှား အာဏာပိုင်တွေရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာအလုပ်သမား ကိုကျော်ကျော် ဆိုသူက RFA ကို ပြောပါတယ်။
မြန်မာအလုပ်သမား နောက်တဦးဖြစ်တဲ့ ဒေါ်ခင်မျိုးခိုင်ကလည်း အလုပ်လက်မဲ့ဖြစ်တာ ၂ လကျော်ပြီဖြစ်လို့ အိမ်လခလည်း မပေးနိုင်တော့တဲ့အတွက် အိမ်ရှင်ကို တောင်းပန်ထားရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကို ပြန်ဖို့လည်း နယ်စပ်ဂိတ်တွေပိတ်ထားတဲ့အတွက် သူ့လိုမြန်မာပြည် မပြန်နိုင်တဲ့သူတွေ အများကြီးပါပဲလို့ ပြောပါတယ်။
တရားမဝင် မြန်မာနိုင်ငံသားတချို့ က ကွာလာလမ်ပူရှိ မြန်မာသံရုံးကို မေးမြန်းခဲ့ရာမှာ မလေးရှားအစိုးရရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံနေရသူတွေကိုပဲ ပြန်လည်ခေါ်ယူဖို့ အစီအစဉ် ရှိကြောင်း ဖြေကြားတယ်လို့ ဒေါ်ခင်မျိုးခိုင်က ပြောပါတယ်။
အခုလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာသံရုံးရဲ့ တရားဝင်ထုတ်ပြန်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် မလေးရှားက ထိန်းသိမ်းရေးစခန်းတွေမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ၃၉၁ ဦးကို မေလ ၁၁ ရက်နေ့က စင်းလုံးငှားလေယာဉ် ၂ စင်းနဲ့ ပြန်လည် ခေါ်ယူခဲ့တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖမ်းဆီးခံရခြင်း မရှိသေးသလို တခြားနည်းနဲ့ ပြန်ဖို့လည်း အခြေအနေမပေးတဲ့ တရားမဝင် မြန်မာအလုပ်သမား ထောင်သောင်းများစွာကတော့ မြန်မာပြည်ကို ပြန်နိုင်ရေးအတွက် မြန်မာအစိုးရ အနေနဲ့ တစုံတရာဆောင်ရွက်ပေးမယ်လို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။