မြန်မာနယ်စပ် အိန္ဒိယခြံစည်းရိုးခတ်ခြင်းကို နာဂကျေးရွာအဖွဲ့ချုပ် ကန့်ကွက်

မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်တာကို မဏိပူရ်ပြည်နယ် နာဂကျေးရွာအဖွဲ့ချုပ် (NVCFM) က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း အိန္ဒိယသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်။ Citizen Photo

နာဂလူမျိုးတွေနေထိုင်ရာ မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်တာကို မဏိပူရ်ပြည်နယ် နာဂကျေးရွာအဖွဲ့ချုပ် (NVCFM) က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း အိန္ဒိယသတင်းတစ်ပုဒ် က အောက်တိုဘာ ၁၂ ရက်စွဲနဲ့ ဖော်ပြပါတယ်။

အိန္ဒိယက ဒီဒေသတွေမှာ ခြံစည်းရိုးခတ်မယ့် အဆိုပြုချက်ကို နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်အစိုးရတွေကလည်း ကန့်ကွက်ထားကြောင်း၊ ဒီအဖွဲ့တွေနဲ့အတူ နာဂကျေးရွာအဖွဲ့ချုပ်က သဘောထားအတူရှိကြောင်း အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

NVCFM အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယအစိုးရရဲ့ နယ်စပ်ခြံစည်းရိုးမူဝါဒကို ရှုတ်ချခဲ့ပြီး ဒါဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းအရ ကာကွယ်ပေးထားတဲ့ နာဂလူမျိုး တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာလို့လည်း ငြင်းချက်ထုတ်ခဲ့ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ နယ်စပ်ခြံစည်းရိုးကိစ္စမှာ အိန္ဒိယအစိုးရ ဒါမှမဟုတ် ဘယ်အေဂျင်စီနဲ့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နာဂလူမျိုးတွေဟာ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်က ခရိုင်အတော်များများမှာ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

မဏိပူရ်အစိုးရဟာ စစ်သွေးကြွတွေ ဝင်လာမှာကို စိုးရိမ်တယ်ဆိုတဲ့ လုံခြုံရေးကို အကြောင်းပြပြီး မြန်မာနဲ့ ထိစပ်နေတဲ့ ၃၉၈ ကီလိုမီတာကို နယ်စပ်စည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရကို မပြတ်တိုက်တွန်းခဲ့တယ်လို့လည်း သတင်းကရေးသားထားပါတယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ ပြည်နယ်လေးခုထဲက မဏိပူရ်နဲ့ အာရန်နာချယ်ပြည်နယ်တို့ကတော့ ခြံစည်းရိုးခတ်မှာကို ထောက်ခံကြပြီး ကျန်တဲ့ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တို့ကတော့ ကန့်ကွက်ထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org