ထိုင်းမှာ မြန်မာ့အရေး ဆွေးနွေးပွဲတွေ ယခု သီတင်းပတ်အတွင်း ကျင်းပမည်

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အစည်းအဝေးပွဲနှစ်ခုကို အခုသီတင်းပတ်ထဲ ကျင်းပသွားပါမယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်အား တွေ့ရစဉ်။ Roy Norton/ X

Updated: 10:00 PM, Dec 16, 2024

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အစည်းအဝေးပွဲနှစ်ခုကို အခုသီတင်းပတ်ထဲ ကျင်းပသွားမယ်လို့ ထိုင်းနိုင်ငံကပြောကြောင်း ရိုက်တာက ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန် (Maris Sangiampongsa)က မြန်မာ့အရေး သီးခြားဆွေးနွေးပွဲ နှစ်ခုကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး တက်ရောက်မှာဖြစ်ပြီး ဒါဟာ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် အလွတ်သဘော ဆွေးနွေးမှုဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရာက်မယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးပေါ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၆ ရက်နေ့ ညမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို ဆွေးနွေးဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမဲ့ သီတင်းပတ်အတွင်း ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးမဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံရေးဌာန ပြောရေးဆိုခွင့်ရှိသူ Roy Soemirat က ဒီဇင်ဘာ ၁၃ ရက်နေ့က ပြောကြားထားတာပါ။

(မှတ်ချက် - ဤသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ထိန်းချုပ်သော မီဒီယာများတွင် ပြောကြားသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org