အမေရိကန် အထက်တန်းကျောင်းတချို့ မှာ မြန်မာစာ စတင်သင်ကြားမည်
အမေရိကန်ပြည်ထောင်စုက အစိုးရ အထက်တန်းကျောင်းတွေမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာဘာသာ တရားဝင်ပြဌာန်းသင်ကြားဖို့ အင်ဒီးယားနားပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
-
2017-04-21 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စုက အစိုးရအထက်တန်းကျောင်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာဘာသာ တရားဝင်ပြဌာန်းသင်ကြားဖို့ အင်ဒီးယားနားပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အင်ဒီးယားနားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ဧပြီလ ၁၉ ရက်နေ့က လက်ခံရရှိခဲ့တာဖြစ်ပြီး၊ အခုလာမယ့် သြဂုတ်လ ပညာသင်နှစ်ကစလို့ မြန်မာကျောင်းသား ထောင်ဂဏန်းရှိတဲ့ East Allen မြို့က အစိုးရအထက် တန်းကျောင်း (၃) ကျောင်းမှာ မြန်မာဘာသာရပ် စတင်သင်ကြားပို့ချ သွားမယ်လို့ ဖို့တ်ဝိန်းမြို့အခြေစိုက် ကျောင်း ဆရာတစ်ဦးဖြစ်သူ ဦးကျော်သိန်းစိုး က ပြောပါတယ်။
“ပြည်နယ်အစိုးရကနေ ခွင့်ပြုချက်ပေးတာပေါ့လေ၊ မနေ့က မနက်က ကျနော့်ဆီ အကြောင်းပြန် လာတာပေါ့၊ ၂၀၁၇ ခုနှစ် သြဂုတ်ကနေစပြီးတော့ ကျနော်တို့ East Allen County မြို့နယ်တခွင် မှာရှိတဲ့ အထက်တန်ကျောင်းတွေမှာ စပြီးတော့ မြန်မာစာကို သင်ရိုးညွှန်းတန်းထဲမှာ ထည့်ပြီးတော့ တရားဝင် Credit Class တစ်ခုအနေနဲ့ High School တွေမှာ သင်ခွင့်ပြုတယ်ပေါ့လေ၊ သင်ရိုးညွှွန်း တန်းထဲမှာ ထည့်ပြီးတော့ တခြားဘာသာတွေနည်းတူပေါ့လေ High School မှာရှိတဲ့ တရုတ်စာတို့ ၊ ပြင်သစ်စာတို့၊ ဂျာမန်တို့၊ ကိုရီးယားတို့လိုပဲ တပြေးညီပေါ့လေ တဆင့်တည်း တတန်းတည်း Credit ရတဲ့ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခွင့်ရတယ်ဆိုတာ ကျနော့်ကို အကြောင်းကြားတာပေါ့ ခင်ဗျာ"
"မြန်မာမိဘတွေကရော၊ ကလေးတွေကပါ တောင်းဆိုတာ ကြာပြီ ကျနော့်ကိုလေ၊ သူတို့ အဲဒီအထက်တန်းကျောင်းတွေမှာ တခြားဘာသာတွေယူရတာ သိပ်အကျိုးမဖြစ်ဘူးပေါ့ဗျာ၊ မြန်မာလို သာ သင်ရလို့ရှိရင် မိဘတွေနဲ့လည်း ဆက်သွယ်ရတာ အဆင်ပြေမယ်၊ သူတို့အတွက်လည်း ကောင်း တယ်ပေါ့လေ၊ သင်ရတာလည်း လွယ်တယ်၊ အကျိုးလည်းဖြစ်မယ်ဆိုပြီးတော့ ကျနော့်ကိုတောင်းဆို တာတော့ ကြာပြီ၊ အဲဒီကနေ အခုမှ စလုပ်ဖြစ်တာ၊ အဲလိုဆိုတော့ ကလေးတွေအတွက်ကတော့ High School မှာ အခမဲ့သင်ရမယ်၊ ပြီးတော့ Credit လည်းရမယ်၊ High School ပြီးဖို့ကိုလည်း အထောက် အကူပြုမယ်ဆိုတော့ တန်ဖိုးမဖြတ်နိုင်အောင်ပဲ အကျိုးအမြတ်ရှိပါတယ်”
အင်ဒီးယားနားပြည်နယ်က အထက်တန်းကျောင်းတွေမှာ မြန်မာကျောင်းသူကျောင်းသား သောင်းနဲ့ချီ ပညာသင် ကြားနေတဲ့အတွက် ကျောင်းဆရာလုံလောက်မှု၊ ကျောင်းအာဏာပိုင်တွေရဲ့ တောင်းဆိုမှု အခြေအနေပေါ် မူတည်ပြီး အခြားအထက်တန်းကျောင်းတွေမှာပါ မြန်မာစာသင်ကြားမှု အစီအစဉ်တွေ တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် ပြည်နယ်အဆင့်မီ သင်ရိုးညွှန်းတန်းရေးဆွဲမှုတွေ လုပ်ဆောင်နေပြီး၊ အခြား သင်ကြားမှုဆိုင်ရာ နည်းပညာအကူအညီအတွက် ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြားသာသာသင် တက္ကသိုလ်နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခုအစီအစဉ်ကြောင့် မြန်မာနိုင်ငံတက္ကသိုလ်ကောလိပ်တွေက ကျောင်းဆရာတွေလည်း အမေရိကန်မှာ မြန်မာစာ လာရောက်ပို့ချနိုင်မယ့် အခွင့်အလမ်းသစ်တွေ ရရှိလာစေမှာ ဖြစ်တယ်လို့လည်း ကျောင်းဆရာ ဦးကျော်သိန်းစိုး က ပြောပါတယ်။
ဒီအစီအစဉ်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းနေသူ ကျောင်းဆရာ ဦးကျော်သိန်းစိုး ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။