မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အကြံပေးကောင်စီတိုက်တွန်း

နိုင်ငံတကာက ချက်ချင်းအရေးယူရမယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအထူးအကြံပေးကောင်စီက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Chris Sidoti။ Reuters

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာက ချက်ချင်း အရေးယူဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သားတစ်ရာထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကြံပေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံရတဲ့ တပ်မှူးတွေရဲ့ ခွင့်ပြုချက်မပါဘဲ အခုလို လေကြောင်းက တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ထဲမှာပဲ စစ်လေယာဉ်တွေ ရှိတဲ့အကြောင်း အထူးအကြံပေးကောင်စီက ပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းနေတဲ့ အာဆီယံအဖွဲ့အနေနဲ့လည်း အခုနှစ်ကုန်မှာမှ တိုးတက်မှုတစ်စုံတစ်ရာ မရခဲ့ဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လွှဲပြောင်းပေးသင့်တယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်အခန်း ၇ မှာ ပြဋ္ဌာန်းထားတာနဲ့အညီ အခွင့်အာဏာသုံးပြီး မြန်မာ့အရေးကို ဆောင်ရွက်ဖို့အတွက် ဒီသီတင်းပတ်အရေးပေါ် အစည်းအဝေးခေါ်ယူဖို့လည်း အထူးအကြံပေးကောင်စီက တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်အခန်း ၇ အရ နိုင်ငံတကာငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးချိုးဖောက်မှုနဲ့ ကျူးကျော်ရန်လိုမှု စတဲ့ ခြိမ်းခြောက်မှုမှန်သမျှကို စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေသုံးပြီး အရေးယူဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org