ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အရေးပေါ်ကူညီနိုင်ဖို့ အချက်အလက်ကောက်ခံ

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်သူတွေဟာ မကြာခဏ ပြဿနာတွေ ကြုံရတာကြောင့် မြန်မာအာဏာပိုင်တွေဘက်က အကူအညီ ပေးနိုင်အောင် အလုပ်သမားတွေရဲ့ အချက်အလက်တွေကို မြန်မာသံရုံးက ကောက်ယူနေပါတယ်။

thai-workers-622.jpg

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်သူတွေဟာ မကြာခဏ ပြဿနာတွေ ကြုံရတာကြောင့် မြန်မာအာဏာပိုင်တွေဘက်က အကူအညီပေးနိုင်အောင် အလုပ်သမားတွေရဲ့ အချက်အလက်တွေကို မြန်မာသံရုံးက ကောက်ယူနေပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့နဲ့ အရေးပေါ်ကူညီမှုတွေလုပ်နိုင်ဖို့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို  မြန်မာအစိုးရက  ဇူလိုင်လ ၈ ရက်နေ့ကစပြီး ကောက်ယူနေတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အလုပ်ရုံတွေ ပိတ်လိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားနေရပ်ပြန်နေကြပါတယ်။ ထိုင်းနိုင်ငံထဲ ရှိနေဆဲဖြစ်တဲ့ အလုပ်သမားတွေကို အရေးပေါ် ကာလ စီမံချက်တွေနဲ့ အမြန်ဆုံး ကူညီနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မဲဆောက်မြို အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က RFA ကို ပြောပါတယ်။

ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအမှတ် (၂) ကနေ နေရပ်ပြန်သူ ရွှေ့ပြောင်းအလုပ်သမား ၄၄၀၀၀ ကျော်ရှိနေပါပြီ။

စက်ရုံတွေပိတ်လိုက်လို့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတာတွေကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကစပြီး စာရင်းကောက်ခံခဲ့တာ ဇူလိုင်လ ၉ ရက်နေ့ထိ နေရပ်ပြန် မြန်မာအလုပ်သမား ၈၅၀၀၀ ကျော်ရှိသွားပြီလို့ မြန်မာသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စာရင်းကောက်ခံဖို့ တယ်လီဖုန်းကနေ စာရင်းပေးပို့ရတဲ့အခါ အလုပ်သမားအများစုအတွက် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေရှိနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အချက်အလက်တွေ ကောက်ခံတဲ့အခါ မြန်မာသံရုံးအနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီးတော့ ထိုင်းအလုပ်ရုံ၊ စက်ရုံတွေမှာ တိုက်ရိုက်ကောက်ခံရင် ပိုပြီး လွယ်ကူနိုင်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပိုပေးနိုင်ဖို့နဲ့ အရေးပေါ်အခြေအနေမှာ ထိထိရောက်ရောက်ကူညီနိုင်ဖို့ အခုလိုစီစဉ်တာလို့ဆိုပါတယ်။  အခုချိန်ထိတော့ စာရင်းပေးသွင်းတဲ့ မြန်မာအလုပ်သမားအရေအတွက် ဘယ်လောက်ရှိနေသလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒီစာရင်းတွေကို နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်တာလို့ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org