စစ်တပ်က အပစ်ရပ်ကြေညာထားပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ငါးလ သက်တမ်းတိုးလိုက် ပေမဲ့လည်း ကရင်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကရင်အမျိုသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်သားတချို့ကို ကရင်ပြည်နယ်မှာ တွေ့ရစဥ် Photo: Doo Pla Ya District

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကနေ ရှေ့လာမယ့်နှစ် ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ငါးလတာ အပစ်ရပ်ရေး သတ်မှတ်ခဲ့ပေမဲ့ ကရင်ပြည်နယ်ထဲမှာတော့ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်တဲ့ အောက်တိုဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အောက်ခြေတပ်တွေက မလိုက်နာဘဲ ကရင်ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ ဒေသခံပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေရတယ်လို့ KNU ဗဟို တွဲဖက်အတွင်းရေးမှူး ၂ ပဒို စောလှထွန်းက KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်လွှင့်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

"အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်ပေမယ့် စစ်ရေးလှုပ်ရှားမှုနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေလုပ်တဲ့အတွက် တိုက်ပွဲတွေဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးတော့ရှိလာတယ်။ လူထုတွေကလည်း ပိုမို ကြောက်ရွံ့ရတဲ့ဘဝကို ဆက်ပြီးတော့ ခံစားနေရဆဲပဲဖြစ်တယ်။ တပြိုင်နက်ထဲမှာပဲ သူတို့ရဲ့ အင်အား တိုးချဲ့မှု စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေလုပ်တဲ့အတွက် လူထုတွေရဲ့ ကျေးရွာတွေ၊ နောက်တောင်ယာတွေမှာ ပရမ်းပတာ လက်နက်ကြီးနဲ့ပစ်တာတို့ တိုက်ပွဲတွေ ပုံဖော်တာတို့ တွေ့ရတယ်”

ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်တွေ ချီတက်ရာလမ်းကြောင်းတလျှောက်က ကျေးရွာတွေမှာ ရွာသူ ရွာသားတွေကို ပေါ်တာဆွဲတာ၊ လမ်းပြအဖြစ်ခိုင်းစေတာ၊ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အကာကွယ်အဖြစ် အသုံးအချတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ငါးလတာ အပစ်အခတ်ရပ်စဲရေးကြေညာထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက် အတွင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲ ၃၂ ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၂ ဦး သေဆုံးပြီး ၃၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေကြောင့် နေအိမ်တွေ ပျက်စီးပြီး၊ အရပ်သားထိခိုက်တာတွေလည်းရှိနေတယ်လို့ KNU က ထုတ်ပါတယ်။

(ကရင်စစ်ဘေးဒုက္ခသည်တွေကို မတ်လက တွေ့ရစဥ်) Photo: CJ

စစ်ကောင်စီက ကြေညာထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ လတာရပ်စဲရေးထုတ်ပြန်ချက်ဟာ တကယ့် နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လို့ ကြေညာတာ မဟုတ်ဘူးလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန် က ပြောပါတယ်။

"ပစ်ခတ်ရပ်စဲရေးတိုးတယ်ဆိုတာကို ဘယ်လိုပဲတိုးတိုး သူတို့က ခြွင်းချက်အမြဲချန်ထားတယ်။ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များအပြင်ဆိုတဲ့ စကားရပ်၊ သူပြန်ပစ်မယ်ဆိုရင် အဲဒါကို အကြောင်း ပြတာပဲဖြစ်တယ်။ တကယ်တန်းက အပစ်ရပ်ရဲ့ရည်ရွယ်ချက်လည်း မပါဘူး။ ကိုဗစ်ကာကွယ်ထိန်းချုပ် နိုင်ရေး ဆိုတဲ့ဟာတစ်ခုလောက်နဲ့လည်း မပြည့်စုံဘူး။ တကယ်အပစ်ရပ်မယ်ဆိုရင် ကြေညာထားခဲ့တာ အရင်ကလည်း NCA စာချုပ်ကအစပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ ထိုးသွင်းတဲ့စာချုပ် ဖြစ်သလို ဒီအပစ်ရပ်ဆိုတာလည်း တကယ့်နိုင်ငံရေးပြဿနာတွေ ဖြေရှင်းတဲ့ အပစ်ရပ်ကြေညာတာ မဟုတ်ဘဲနဲ့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ် ဗျုဟာအရထုတ်ပြန်တဲ့ အပစ်ရပ်ပဲဖြစ်တယ်"

ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်ချက်ရဲ့ နံပါတ် ၅ အချက်မှာလည်း ကိုယ့်လူမျိုးတစ်စုထဲအတွက် မဟုတ်ဘဲ We are Myanmar ဆိုပြီး ပြည်ထောင်စုစိတ်ဓာတ်ထားဖို့ ဖော်ပြထားတာဟာ မြန်မာလူမျိုးကြီးဝါဒကို ဖော်ပြရာ ရောက်နေတယ်လို့ ပဒို မန်းမန်းက ပြောပါတယ်။

"သူတို့ရဲ့လုပ်ရိုးလုပ်စဉ် ဗျုဟာအရ ထုတ်ပြန်တဲ့ အပစ်ရပ်ပဲဖြစ်တယ်"

တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ ဒေါကလူကွန်ယက်က အထွေထွေအတွင်းရေးမှူး ယအဲ့န က ပြောပါတယ်။

"အပစ်ရပ်ကြေညာတာတော့ ကြေညာတာပဲ။ ဒါပေမဲ့ သူတို့က တပ်အင်အားတွေတော့ တိုးချဲ့နေတာပဲ၊ ထိုးစစ်ဆင်နေတာပဲ။ သူတို့က ပြောတာတခြား လုပ်တာတခြားဖြစ်နေတာပေါ့။ စစ်ရှောင်တွေကတော့ တပ်မဟာ ၄ ဘက်မှာ တိုးလာတဲ့အနေအထားရှိတယ်။ အခု လောလောဆယ်ကျတော့ နည်းနည်းလေး အခြေအနေ ပြန်ငြိမ်သွားတော့ တချို့တွေကလည်း သူတို့ရွာထဲ ပြန်နေတာတွေရှိတာပေါ့နော်"

လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် သထုံမြို့ နယ်၊ တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့ချထားတာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်သားတွေ စစ်ရေးပြနေစဥ်) Photo: KNU

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ လက်နက်ထောက်ပံ့တာ၊ ခိုလှုံခွင့်ပေး တာတွေလုပ်နေတဲ့ KNU တပ်မဟာ (၅) ထိန်းချုပ်တဲ့ နယ်မြေထဲမှာပဲ စစ်အင်အားတိုးချဲ့တာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

“KNU ဘက်မှာ ကျနော်တို့ စစ်အင်အားတိုးချဲ့တယ်ဆိုတာကို စစ်အင်အားဖြည့်တင်းတယ်ဆိုတာကို ကျနော်တို့ မငြင်းပါဘူး။ မငြင်းဘူး ဒီပြင်နေရာတွေမှာ မတိုးချဲ့ပါဘူး။ PDF တွေ လက်ခံထားပြီး သင်တန်းတွေပေး KNU ဗဟိုရဲ့ NCA လမ်းကြောင်းနဲ့ ပတ်သက်ပြီး သွေဖီနေတဲ့ KNU တပ်မဟာ ၅ ဘက် မှာတော့ ကျနော်တို့လုပ်ဆောင်မှုတွေရှိတယ်။ ခုနကပြောတဲ့ လုံခြုံရေးအရ လိုအပ်တဲ့အင်အားကို သုံးစွဲရတာမျိုးရှိပါတယ်”

တပ်မဟာ (၅) ထိန်းချုပ်တဲ့ ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်၊ လေးခေါ်ထိ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဖွာဟဲထော့ဒေသမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်မဟာ ၅ တို့ အောက်တိုဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်ပွဲ ၆ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ KNLA ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပေမယ့် KNLA ဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ထပ်ဖြစ်လာရင် အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို ပိုမိုထိခိုက်လာနိုင်ပြီး လူတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့် တိုက်ပွဲတွေ ထပ်မဖြစ်စေချင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org