အစုအပြုံလိုက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြင်သားရွာမှာ PDF တပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဒေသခံတွေကို အစုအပြုံလိုက် ဖမ်းဆီးပြီးတဲ့နောက် နှိပ်စက်ညှဉ်းပန်း ပြီးမှ သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင် သူတွေနဲ့ လူ့အခွင့်အရေးသမား တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဂန့်ဂေါမြို့နယ် မြင်သားရွာသားတစ်ဦး၏ ရုပ်အလောင်းးကို ၂၀၂၁ စက်တင်ဘာ ၁၀ ရက်နေ့က သယ်ဆောင်လာစဉ်။ Photo: CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြင်သားရွာမှာ PDF တပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဒေသခံတွေကို အစုအပြုံလိုက် ဖမ်းဆီးပြီးတဲ့နောက် နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေးသမားတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်အတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သား၊ မွှေ့လယ်နဲ့ ရေရှင် ကျေးရွာက ဒေသခံ ၂၄ ယောက်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး အဲဒီထဲက ရှစ်ဦးကို အရှင်ဖမ်းမိပြီးမှ အစု အပြုံလိုက် ပစ်သတ်ခဲ့တာလို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နှစ်ရက်အတွင်း အစုအပြုံလိုက် အသတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အထက်တန်းကျောင်း သားတွေနဲ့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေကို ကုလားထိုင်မှာ လက်နောက်ပြန်ကြိုးတုပ် ညှဉ်းပန်းနှိပ်စက်ပြီးမှ ပစ်သတ်ခဲ့သလို လူငယ် ရှစ်ဦးကိုတော့ အရှင်ဖမ်းမိပြီးမှ ခေါင်းတွေကိုချိန်ရွယ်ပြီး ပစ်သတ်ခံခဲ့ရတာလို့ ရုပ်အလောင်းတွေကို ကိုယ်တိုင်ကောက်ယူ သင်္ဂြိုလ်ခဲ့တဲ့ ယောဒေသ PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျိုးဖြူ က ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က အစုအပြုံလိုက် အသတ်ခံရတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် မောင်ဖြစ်သူနဲ့အတူ အခြားအသက် ၁၈ နှစ်အောက် အထက်တန်းကျောင်းသားတွေ ပါဝင်ကြောင်း မြင်သားရွာက အမျိုးသမီး တစ်ဦး က RFA ကို ပြောပါတယ်။

 “တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မိုးက တအားရွာနေတော့ တူမီးသေနတ်တွေက လုံခြုံရေးကလေးတွေက လုံးဝပစ်လို့မရတဲ့အတွက်ကြောင့်မို့ သူတို့တွေမှာ အသက်ပေးလိုက်ရတာ၊ မောင်လေးဆိုရင် ၁၆ နှစ်တောင် မပြည့်သေးဘူး။ ကိုးတန်း တက်ရမှာ၊ အဲဒီထဲမှာ ဆယ်တန်းတက်ရမယ့် ကလေးတွေရော၊ ဆယ်တန်းကို ဂုဏ်ထူးနဲ့ အောင်ထားတဲ့ ကလေးတွေရောပါတယ်။ ရွာအထွက်ကို မီးရှို့ဖျက်ဆီးတာတွေ ကြားထားတော့ လုံခြုံရေးလေး ဖွဲ့ထားတာ၊ ကျွန်မတို့ငိုရင် အမေတို့ပါ ငိုနေကြတယ်။ ရှိသမျှအချိန်တိုင်း ငိုနေရတယ်။ ပြေးနေတာတောင် ဖြောင့်ဖြောင့်တန်းတန်း မပြေးရဘူး၊ အလောင်းလည်း သွားမကောက်နိုင်ဘူး၊ ကိုယ် တွေက ဒုက္ခရောက်နေတယ်ဆိုပေမဲ့ သူတို့အမေတွေနဲ့စာရင် တော်သေးတယ်။ အမေတွေက ပြန်သွား ရင်တောင် သူတို့သားမျက်နှာကို မမြင်ရတော့ဘူး “

စက်တင်ဘာ ၉ ရက်နေ့က မြင်သားရွာမှာ ဒေသခံ ၁၉ ယောက် အသတ်ခံခဲ့ရပြီး အဲဒီထဲမှာ မောင်လေးကိုကို (၁၆) နှစ်၊ မောင်ဖိုးချစ် (၁၆) နှစ်၊ မောင်ငြိမ်းစည်သူ (၁၆) နှစ် စတဲ့ အသက် ၁၈ နှစ်အောက် လူငယ် သုံးယောက် ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က မြင်သားရွာမှာ ရုပ်အလောင်း ၁၀ ခုကို အစုအပြုံလိုက် တွေ့ရပြီး လူငယ်တချို့ ကတော့ အရှင်ဖမ်းမိပြီးမှ အနီးကပ် ပစ်သတ်ခံထားရတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်သားရွာ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ရက်နေ့က အိမ် ၁၁ လုံးလောက် မီးရှို့ခံရတယ်။ သေတာကတော့ ၁၉ ယောက်ရှိတယ်။ လက်နက်ကြီး မှန်တာက နည်းနည်းထင်ပါတယ်။ အလောင်းတွေက နှမ်းခင်းတွေကြားထဲမှာ။ ၁၀ လောင်းလောက် ကတော့ တစ်စုတည်းတွေ့ရတယ်။ ကျန်တာကတော့ သူတို့အိမ်တွေမှာ လိုက်ပြီးတော့ ကောက်ပြီးတော့ သင်္ဂြိုလ်ရတယ်။ တွေ့တဲ့သူတွေ ပြောတာကတော့ နှစ်ယောက်လောက်က သေသွားတော့ သူတို့အဖွဲ့ တွေက တစ်စုတည်းနေတာဆိုတော့  အဖော်သေသွားတော့ ပြန်လှည့်တဲ့အချိန်မှာ အရှင်ဖမ်းမိတယ် ပြောတယ်။ အနီးကပ်ပစ်ပြီးတော့ထားတဲ့ ပုံစံတွေပဲ၊ ကြည့်လို့ကတော့ မကောင်းဘူး၊ အသက်ငယ်ပေမဲ့ ချုပ်ချယ်တာကို လက်မခံနိုင်ဘူး"

စက်တင်ဘာ ၉ ရက် တစ်ရက်တည်းမှာပဲ မြင်သားရွာနဲ့အတူ မွှေ့လယ်ရွာက သုံးယောက်လည်း အသတ်ခံ ခဲ့ရပြီး၊ နောက်တစ်ရက် စက်တင်ဘာ (၁၀) ရက်နေ့မှာတော့ ရေရှင်ရွာက ဒေသခံ နှစ်ယောက် ထပ်မံပစ်သတ် ခံခဲ့ရပါတယ်။ ဒါကြောင့် စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်အတွင်း ဂန့်ဂေါမြို့နယ် မြင်သား၊ မွှေ့လယ်နဲ့ ရေရှင်ရွာ ဒေသခံ စုစုပေါင်း ၂၄ ယောက် ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ထွက်ခွာသွားပြီးနောက် မြင်သားရွာထဲ အခြေအနေဝင်ကြည့်ခဲ့တဲ့ ယောဒေသ PDF ခေါင်းဆောင် ကိုဂျိုးဖြူက ရွာထဲမှာ အသက် ၇၀ ကျော် အဘိုးအိုနှစ်ဦးကို လက်ပြန်ကြိုးတုပ်အနေအထားနဲ့ စစ်တပ်က ပစ်သတ်ထားတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။ အဲဒီနေ့တစ်ရက်တည်း စစ်တပ်က ရွာကနေ အိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် နောက်ထပ် အသက် ၇၀ ကျော် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လည်း ကိုဂျိုးဖြူက ပြောပါတယ်။

"အချိန်တိုင်း ငိုနေရတယ်။ ပြေးနေတာတောင် ဖြောင့်ဖြောင့်တန်းတန်း မပြေးရဘူး၊ အလောင်းလည်း သွားမကောက်နိုင်ဘူး"

ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ RFA က သီးခြားအတည်မပြုနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာလဆန်းကစလို့ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်တပ်က ဆက်တိုက်ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ဖျက်ဆီးတာ၊ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလိုလုပ်တာကို မကျေနပ်လို့ ခုခံကာကွယ်တဲ့လူငယ်တွေကို စစ်တပ်က PDF လို့ စွပ်စွဲပြီး သတ်ဖြတ်လေ့ရှိသလို ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို နှိပ်စက်စစ်ဆေးပြီး ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

(စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် မြင်သားရွာသားများ၏ ရုပ်အလောင်းကို ၂၀၂၁ စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။) Photo: CJ

စစ်ပွဲကာလဖြစ်နေရင်တောင် ဒီလို နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။

အရပ်သားအပေါ် ကျူးလွန်မှုမှန်သမျှက ဥပဒေအရ ရာဇဝတ်မှုလည်းမြောက်သလို လူ့အခွင့်အရေး ချိုးဖောက်မှုလည်း မြောက်ပါတယ်။ သတ်ဖြတ်တဲ့နေရာမှာလည်း ပြေးရင်းလွှားရင်းနဲ့ သတ်ဖြတ်တာ မဟုတ်ဘဲနဲ့ တကယ့်ကို သတ်ဖြတ်ပြီးတော့ နှိပ်စက်တာ၊ ဦးခေါင်းကိုချိန်ရွယ်ပြီးတော့ သတ်ဖြတ်တာ၊ အမျိုးသားတစ်ယောက်ဆိုရင်သူရဲ့ အမျိုးသာအင်္ဂါပါဖြတ်ပြီး သတ်ဖြတ်တာ အထောက်အထားတွေ တွေ့ရတယ်။ ဒါတွေက တိုက်ပွဲအတွင်းမှာ ကျဆုံးတယ်ဆိုတာမျိုး မဟုတ်ဘဲ ရက်ရက်စက်စက်နဲ့ လုပ်ဆောင်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နှိပ်စက်ညှဥ်းပန်းတဲ့ လုပ်ဆောင်တဲ့ပုံစံဖြစ်လို့ ဒါမျိုးကတော့ ဘယ်နိုင်ငံ၊ ဘယ်အခြေနေမှာဖြစ်ဖြစ်ဘယ်သူကျူးလွန်တာဖြစ်ဖြစ် လက်ခံလို့မရဘူး၊ စစ်ပွဲဆိုတဲ့ အခြေအနေကာလအတွင်းမှာ လုပ်ဆောင်တာဖြစ်လို့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်တယ်လို့ ပြော လို့ရတယ်"

ဖမ်းဆီးခံရတဲ့ သုံ့ပန်းတွေကို မသတ်ဖြတ်ရဆိုတဲ့ ဂျီနီဗာကွန်ဗန်းရှင်းကို မြန်မာနိုင်ငံက လတ်မှတ်ထိုးထား တာမို့ ဒီလိုသတ်ဖြတ်မှုတွေကို   အထောက်အထား အတိအကျနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်ထံ  တိုင်ကြားသင့်တယ်လို့ တရားလွတ်တော်ရှေ့နေ ဦးကြီးမြင့် က အကြံပေးပါတယ်။

"ဂျီနီဗာကွန်းဗန်းရှင်းဆိုတာကို မြန်မာနိုင်ငံက လတ်မှတ်ထိုးထားတယ်။ အဲဒီမှာ သုံးပန့်တွေကို မသတ် ရဘူး၊ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း မသတ်ဘူး၊ ဒါတွေကို ဖောက်ဖျက်တယ်ဆိုရင် အတိအကျ အထောက်အထားတွေနဲ့ ကုလသမဂ္ဂကို တိုင်လို့ရတယ်။ ဒီလိုတွေ သေဆုံးနေရတာက ဘယ်သူတွေ ညံ့လို့လည်းဆိုရင် ရှင်းရှင်း ပြောရရင်တော့ တော်လှန်တဲ့အဖွဲ့အစည်းတွေ စကားတွေ အကြီးအကျယ် ပြောပြီးတော့ လုပ်တဲ့အခါမှာ လူငယ်လေးတွေက မခံချင်စိတ်ဖြစ်ပြီး တိုက်ခိုက်တဲ့အခါမှာ သူတို့ကို ဘာမှအကာကွယ်မပေးနိုင်ဘူး၊ အကူညီမပေးနိုင်ဘူး၊ လက်နက်လည်း မပေးနိုင်ဘူး၊ ငွေလည်း မထောက် ပံ့နိုင်ဘူး"

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကိုင်းတိုင်း ကနီနဲ့ ယင်းမာပင်မြို့နယ်တွေမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေ ဖြစ်ပွားခဲ့ပြီး ကနီမြို့နယ်မှာဆိုရင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ရုပ်အလောင်း ၁၂ ခုကို ဒေသခံတွေက တစ်နေရာထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ စက်တင် ဘာလ ၁၄ ရက်အထိ ခုနစ်လကျော်ကာလအတွင်း ရဲနဲ့စစ်တပ်က ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၆၀ ရှိသွားပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org