ကုလ ကိုဗစ်ဆေးအကူအညီ တစ်ကြိမ်မှ မရသေးကြောင်း စစ်ကောင်စီကျန်းမာရေးဌာန ထုတ်ပြန်

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေး မဟာမိတ်အဖွဲ့ (GAVI) အနေနဲ့ Covax အစီအစဉ်နဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေကို လေးကြိမ်မြောက်အထိ ကိုဗစ် - ၁၉ ကာကွယ်ဆေးပေးပို့ ကူညီထားပေမယ့် မြန်မာနိုင်ငံကို အခုထိတစ်ကြိမ်မှ မပို့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ အောက်တိုဘာ ၁ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးနေသူတစ်ဦးကို တွေ့ရစဥ် Photo: Myanmar Military

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေး မဟာမိတ်အဖွဲ့ (GAVI) အနေနဲ့ Covax အစီအစဉ်နဲ့ အခြားအဖွဲ့ဝင် နိုင်ငံတွေကို လေးကြိမ်မြောက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးပေးပို့ ကူညီထားပေမယ့် မြန်မာနိုင်ငံကို အခုထိ တစ်ကြိမ်မှ မပို့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းကတည်းက ကာကွယ်ဆေးရဖို့ GAVI နဲ့ ညှိနှိုင်းခဲ့ပေမယ့် အခြား အဖွဲ့ဝင်နိုင်ငံတွေကို လေးကြိမ်မြောက် (Round – 4) အထိ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကိုတော့ တစ်ကြိမ်မှမပို့ဘဲ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့တယ်လို့ ပါရှိပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ GAVI၊ WHO နဲ့ UNICEF တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွက် ပထမအလှည့် ကိုဗစ်ကာကွယ်ဆေး ၆.၂ သန်းပေးပို့ဖို့ ပဏာမခွဲဝေထားပြီးဖြစ်တယ်လို့ ပါရှိပေမယ့် တကယ်တမ်းတစ်ခုမှ ရောက်မလာသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

“GAVI က စက်တင်ဘာ ၃၀ ရက်နေ့ ကြေညာချက်ထုတ်တယ်၊ တတိယအပိုဒ်မှာ မြန်မာအတွက် ကိုဗစ် ဆေး ၆.၂ သန်းခွဲ ဦးစွာပဏာမ ခွဲဝေးထားခဲ့ပါသည်တဲ့၊ ပြောရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေမှာ လေးကြိမ် မြောက်အထိ ခွဲဝေပြီးဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တစ်ကြိမ်မှ ကျနော်တို့မရသေးပါဘူး၊ ဒါကိုပဲ ခွဲဝေထား ပြီးသယောင် ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရေးအသားလို့ပဲ ကျနော်မြင်ပါတယ်” ဗိုလ်ချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။

ငါးကြိမ်မြောက် (Round – 5) မှာတော့ မြန်မာနိုင်ငံကို ကာကွယ်ဆေးအကူအညီရရှိနိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ ညှိနိုင်ထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

ကျန်မာရေးဝန်ကြီးဌာနကလည်း ဇူလိုင်လနဲ့ ဩဂုတ်လထဲမှာ GAVI ၊ WHO နဲ့ UNICEF အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ကမ္ဘာ့နိုင်ငံတွေကို Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးတဲ့အခါ မြန်မာနိုင်ငံကို Pfizer ကာကွယ် ဆေး ၄,၀၄၈,၂၀၀ နဲ့ Round-6 မှာ Sinovac ကာကွယ်ဆေး ၂,၂၄၂,၈၀၀ ပံ့ပိုးပေးဖို့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိ အိန္ဒိယနိုင်ငံကနေရရှိထားတဲ့ ကာကွယ်ဆေးစုစုပေါင်း သုံးသန်းခွဲနဲ့ အောက်တိုဘာ လ ၂ ရက်နေ့အထိ တရုတ်နိုင်ငံကနေ ဝယ်ယူထားတာရော လှူဒါန်းထားတာရော ကာကွယ်ဆေး ၂၃ သန်း ကျော်ရရှိထားပြီး အခုနှစ်ထဲမှာတင် တရုတ်နိုင်ငံကနေ နောက်ထပ် ၁၄ သန်းထပ်ရမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ လူဦးရေ ၈.၆၈ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး အဲဒီအထဲမှာ နှစ်ကြိမ်ထိုးပြီးသူ ၃.၉၂ သန်းရှိတာကြောင့် အသက် ၁၈ နှစ်အထက် လူဦးရေရဲ့ ၁၀.၆၃ ရာခိုင်နှုန်းပြီးစီးသွားပြီလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ ထုတ် Covidshield ကာကွယ်ဆေး သန်း ၃၀ ကို စာချုပ်ချုပ်ဝယ်ယူထားပေမယ့် သုံးသန်းခွဲပဲရရှိထားပြီး နောက်ပိုင်းမှာတော့ ကာကွယ်ဆေးပေးပို့မှုကို အိန္ဒိယဘက်က ရပ်ဆိုင်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org