လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ UEC ကို သံသယရှိဟု တပ်မတော်ပြော

လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို သံသယရှိတယ်လို့ တပ်မတော်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ မှားယွင်းမှုတွေအပေါ် အစိုးရကကြီးကြပ်ဖို့ တာဝန်ရှိတယ်လို့လည်း တပ်မတော်က ထောက်ပြဝေဖန်လိုက်ပါတယ်။

တပ်တွင်းမဲဆန္ဒရှင်တွေ မဲပေးဖို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ပင်မဂိတ်အနီးက မဲရုံကို ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ကတွေ့ရစဉ် Photo: Soe Thein/RFA

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို  သံသယရှိတယ်” လို့  မနေ့က နိုဝင်ဘာ ၂ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေငြာချက်ထုတ်ပြီး ပြောလိုက်တာပါ။ အစိုးရ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့  မှားယွင်းမှုတွေအပေါ်  ကြီးကြပ်ဖို့ တာဝန်ရှိတယ်လို့လည်း  တပ်မတော်က ဝေဖန်လိုက်ပါတယ်။

တပ်မတော်ရဲ့  ဒီသဘောထားကြေညာချက်အပေါ်  သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  တုံ့ပြန်ချက်ကို သိနိုင်ဖို့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  RFA က  အီးမေးလ်နဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေ ၅ နာရီထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ဦးမိုးဇော် ကတော့ ကိုဗစ် ကပ်ရောဂါ ကာလအခြေအနေပေါ်မူတည်ပြီး၊  အသက် ၆၀ ကျော် အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးခိုင်း ခဲ့တာကလွဲလို့ ကျန်တဲ့ကိစ္စတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ အားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

"ကိုဗစ် 19 ရောဂါဆိုတာက ကြိုဖိတ်ထားတဲ့ရောဂါလည်း မဟုတ်ဘူး၊ ဖြစ်လာတဲ့အခါကျတော့ အဲဒါနဲ့အညီ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ကြိုတင်မဲ အသက် ၆၀ နဲ့အထက်အဖွဲ့တွေကို ကြိုတင်မဲပေးခွင့်ပြုလိုက်တာကတော့ ဥပဒေနည်းဥပဒေတွေထဲမှာ မပါဘူးပေါ့နော်၊ သို့သော်လည်းပဲ ဒီရောဂါထိန်းချုပ်ရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကဆိုတော့ အဲတစ်ခုလွတ်သွားတာပေါ့နော်၊ အဲဒါလေးပါပဲ၊ ကျန်တာတွေကတော့ ဥပဒေနဲ့ အညီပါပဲ၊ ကိုယ်တတ်စွမ်းသမျှတော့ အားလုံးကဆောင်ရွက်နေကြတာပဲ၊ တရားမျှတမှုရှိရမယ်၊ လွတ်လပ်မှု လည်းရှိရမယ် ဥပဒေနဲ့အညီပေါ့ အဲအတိုင်းပဲဆောင်ရွက်ကြပါတယ်"

တပ်မတော်ရဲ့  ထုတ်ပြန်ချက်ထဲမှာ “အစိုးရအနေနဲ့ ကော်မရှင်ရဲ့ မှားယွင်းမှုတွေကို ကြီးကြပ်ဖို့ တာဝန်ရှိကြောင်း” လို့ ထုတ်ပြန်ထားတဲ့အတွက် ဘယ်လိုမှားယွင်းမှုတွေဆိုတာ တိတိကျကျသိနိုင်ဖို့၊  ရည်ရွယ်ချက်ရှိတဲ့ မှားယွင်းမှု ဆိုတာ ဘယ်လိုအကြောင်းအရာတွေကို ဆိုလိုတယ်ဆိုတာ  ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။

တပ်မတော်ရဲ့  သဘောထားထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ကော်မရှင်တစ်ခု ဖြစ်ပေမယ့်လည်း၊  နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတာ ဖြစ်ကြောင်း၊ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အစိုးရအဖွဲ့က တာဝန်ယူရပြီး ကော်မရှင်ကလည်းအစိုးရကို တာဝန်ခံရမှာဖြစ်ကြောင်း၊ ရွေးကောက် ပွဲကော်မရှင်အဆင့်ဆင့်ရဲ့  ရိုးရိုးသားသားအမှားတွေ၊ ရည်ရွယ်ချက်ရှိတဲ့ မှားယွင်းမှုအားလုံးအတွက် အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြီးကြပ်ဖို့ တာဝန်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့  ထုတ်ပြန်ချက်မှာ အစိုးရကို ထောက်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို အွန်လိုင်းကတဆင့် မေးခွန်းပေးပို့ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

လက်ရှိ အာဏာရပါတီ NLD ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ “ကော်မရှင်အနေနဲ့ ချို့ယွင်းချက် တချို့ ရှိတာမှန်ပေမယ့်၊  တပ်မတော်ထုတ်ပြန်ချက်မှာ စွပ်စွဲထားတဲ့အတိုင်း ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ မယူဆကြောင်း ၊ ကော်မရှင်ဆောင်ရွက်သမျှကို အစိုးရကတာဝန်ယူရမယ်ဆိုတာကလည်း လက်ရှိနိုင်ငံရေး အခြေအနေနဲ့ မကိုက်ညီကြောင်း သုံးသပ်ပါတယ်။

"ကော်မရှင်ရဲ့ လုပ်ဆောင်ချက်မှန်သမျှကို အစိုးရက တာဝန်ယူရမယ်ဆိုတာကတော့ ဒါလက်ရှိအခြေအနေနဲ့ မကိုက်ညီဘူးထင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ် လုံခြုံရေး စတဲ့ဝန်ကြီးဌာနတွေကို ခန့်အပ်ခွင့်ရှိပါတယ်၊ အဲတော့ ပြည်ထဲရေးကနေ  ရိုက်နှိပ်လိုက်တဲ့ မဲလက်မှတ်တွေ စာအိတ်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေးမှာလည်း တာဝန်ရှိနေတာရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကလည်း ပြောနေပါတယ်၊ အဲတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရ အစိုးရဟာ မိမိတို့အနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဥပဒေနဲ့အညီ ကြီးကြပ်ခြင်းကိုတော့ လုပ်နေပါတယ်၊ အားလုံးကို တာဝန်ယူရမယ်ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ မှန်ကန်ခြင်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ “တပ်မတော်ကြေညာချက်ဟာ၊  နိုင်ငံနဲ့ပြည်သူတွေအတွက် ဆိုးရွားတဲ့အခြေအနေတွေ မဖြစ်ပေါ်လာစေဖို့အတွက် တိုက်တွန်းတဲ့သဘောနဲ့ ထုတ်ပြန်တာဖြစ်နိုင်တယ်” လို့ တပ်မတော်ကြေညာချက်အပေါ်  အပြုသဘော မှတ်ချက်ပေးပါတယ်။

"တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရမယ့်တာဝန် သူ့မှာရှိတယ်၊ အဲဒီဥပဒေကို ကျော်လွန်လုပ်ဆောင်တာမျိုးရှိရင် ထိန်းကျောင်းရမယ့်တာဝန် သူ့မှာရှိနေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတာ၊ ပေးတဲ့အခါကျတော့ နိုင်ငံအတွင်းမှာ မလိုလား အပ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်တဲ့လုပ်ငန်းဆောင်ရွက်နိုင်မှုတွေရှိလာမယ်ဆိုရင် သူသတိပေးရမယ့်  ထိန်းကျောင်းရမယ့်တာဝန်က သူ့မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန် လည်းရှိတဲ့အခါကျတော့ ဒီထက်ပိုပြီးတော့မှ နိုင်ငံနဲ့ပြည်သူတွေ ဆိုးဝါးတဲ့အခြေအနေအရပ်ရပ်တွေ မဖြစ်ပေါ် လာနိုင်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့အတွက် လက်ရှိအစိုးရအနေနဲ့ ယူအီးစီကို ထိန်းကျောင်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းထားတဲ့သဘောပေါ့၊ ကျနော်တော့ ဒီလိုပဲနားလည် တယ်"

ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာဖို့ ခဲယဉ်းပြီး ကော်မရှင်အပေါ်ကိုလည်း မျှော်လင့်ချက်မရှိတော့ကြောင်း  ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ “တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးမှာ ပထမဆုံး ပါဝင်လာတဲ့သဘောဖြစ်တယ်” လို့စာရေးဆရာ ဆရာချစ်ဝင်းမောင် က မှတ်ချက်ပေးပါတယ်။

“တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ ကျွန်တော်တို့ NLD အစိုးရတက်လာတဲ့ ငါးနှစ်တာ သက်တမ်းအတွင်းမှာ တပ်မတော်အဖွဲ့အစည်းတစ်ခုကနေ နိုင်ငံရေးမှာ ပထမဦးဆုံးအကြိမ် ပါဝင်လာတဲ့ကိစ္စလို့ ကျွန်တော်မြင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်က ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စလေ၊ ဒီကိစ္စအပေါ်မှာ တပ်မတော်က အတိအလင်း ကြေညာချက်ထုတ်တယ်ဆိုတာ ပထမဦးဆုံးအကြိမ်ဖြစ်သလို နည်းနည်းလေး ကျွန်တော်တို့အတွက် စဉ်းစားစရာဖြစ်တယ်။ တပ်မတော်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကို ကြည့်လိုက်ရင်၊ လက်ရှိအခြေအနေကို ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ တပ်မတောသားကိုယ်စား လှယ်တွေပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စ ဝေဖန်တာတွေ၊ ဆွေးနွေးတာတွေ၊ အခြေအနေတွေအားလုံး ကို တပ်မတော်သားအစုအဖွဲ့က လွှတ်တော်ထဲ တပ်မတော်ရဲ့ အာဘော်တွေ ထောက်ပြဝေဖန်ဆွေးနွေး တာတွေရှိတယ်။ သို့သော်လည်း အခုလိုမျိုး အစိုးရလက်အောက်ခံလို့ ပြောရမယ် တပ်မတော် အင်တီကျူးရှင်း တစ်ခုကနေ အစိုးရရဲ့ လုပ်ကိုင်ပုံကို ပထမဦးဆုံးအကြိမ်ပေါ့နော် ဝင်ရောက်စွက်ဖက်တဲ့ သဘောမျိုးနဲ့ ကြေညာချက်ထုတ်ကတော့ အရင်တုန်းကလည်း မရှိခဲ့ဘူး။ ဒါတော်တော် သတိထားရမယ့်အချက်လို့ ပြောချင်တယ်။"

နိုင်ငံရေးဆောင်းပါးတွေ ရေးလေ့ရှိတဲ့ သတင်းစာဆရာ ကိုသီဟသွေး ကလည်း တပ်မတော်ရဲ့ အခု ထုတ်ပြန်ချက်ဟာ နိုင်ငံရေးအပေါ်  အများကြီး သက်ရောက်မှုရှိတယ်လို့ သုံးသပ်ပါတယ်။

“ကြေညာချက်က နှစ်ခု တိုင်းရင်းသားလက်နက်ကိုတွေကိုလည်း သူထုတ်တာတွေ့တယ်။ အစိုးရကိုလည်း သူထုတ်တာတွေ့တယ်။ ပထမဆုံးအကြိမ်ဖြစ်တယ်။ နောက်တစ်ချက်က သူ့အနေနဲ့ ဒီလိုထုတ်ဖို့ လိုအပ်လား ဆိုတာ စဉ်းစားစရာရှိတယ်။ လုံခြုံရေးနဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် နောက်ဆက်တွဲ အငြင်းပွားမှုတွေကြောင့် မတည်မငြိမ်ဖြစ်လာမှာကို စိတ်ပူပြီးတော့ ထုတ်တယ်လို့ ယူဆလို့ရတာတစ်ခု ရှိတယ်။ သို့သော် တချိန်တည်းမှာပဲ ရွေးကောက်ပွဲနီးလာရင် တပ်မတော်က သီးခြားအဖွဲ့အစည်းသဘောမျိုး အစိုးရရဲ့ လိုအပ်ချက်တွေ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာဆောင်ရွက်မှု အရည်အချင်းနဲ့ပတ်သက်ပြီး အကဲဖြတ်တဲ့အချိန်မျိုးမှာ ဝေဖန်တဲ့ကိစ္စကျတော့ နိုင်ငံရေးအရ အများကြီးသက်ရောက်မှုလည်းရှိတယ်။"

ရွေးကောက်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ PACE အဖွဲ့  အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကတော့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြဿနာတစ်ခုချင်းစီကို လိုက်ပြီး ဖြေရှင်းနေမယ့်အစား ကော်မရှင်အဖွဲ့ခွဲတွေဆီကို တိကျတဲ့ ညွှန်ကြားချက်တွေပေးဖို့ လိုအပ်နေတယ်လို့” သုံးသပ်ပါတယ်။

"အဓိက ကျနော်တို့ တိုက်တွန်းချင်တာကတော့ မဲရုံမှူးတွေ ကော်မရှင်အဖွဲ့ခွဲတွေကို သင်တန်းပေးဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ အခုအခြေအနေကြည့်ရတာ သူတို့မှာ ဒီထက်ကောင်းမွန်တဲ့သင်တန်း သေချာသင်တဲ့ သင်တန်းရမှပဲ ရွေးကောက်ပွဲနေ့ကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်၊ ဒါကတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကော်မရှင်ဟာ လာမယ့်ရက်အတွင်းမှာ အမြန်အဆန်ပြန်ပြီးတော့လုပ်ဖို့ ဥပမာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ နောက်တနေ့မှာ နောက်ထပ် ကြေညာချက်တစ်ခုထုတ်တာမျိုးလုပ်မယ့်အစား တစ်ခုလုံးကို ခြုံငုံစဉ်းစားပြီးတော့မှ မဲရုံမှူးတွေကိုရော ကော်မရှင်အဖွဲ့ခွဲတွေကိုရော စနစ်တကျ အမြန်သင်တန်းပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲနေ့မှာ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်လို့ယူဆပါတယ်"

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲဟာ၊ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကာလအတွင်း ကျင်းပရ တာဖြစ်တာကြောင့် ရွေးကောက်ပွဲနေ့မတိုင်မီ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ  ကြိုတင်မဲပေးခွင့်ပြုထားပါတယ်။

အဲဒီအတွက် ကြိုတင်မဲလတ်မှတ်တွေ ကောက်ယူမှုတွေမှာ မဲမသမာမှုတွေ၊ လျို့ဝှက်မဲဆိုပေမယ့်  လူမြင်ကွင်းမှာ မဲပေးလို့ရတာမျိုးတွေ၊ မဲလက်မှတ်ထည့်တဲ့ စာအိတ်မလုံတာတွေ၊ စာအိတ်တွေ ပေါက်ပြဲနေတာတွေ၊ မဲတံဆိပ်တုံး အတု သုံးခဲ့တာတွေ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက ကော်မရှင်အဖွဲ့ခွဲတွေကို တိုင်တန်းတာတွေ ရှိနေသလို ဒါတွေဟာ ကော်မရှင်ရဲ့  စီမံခန့်ခွဲမှုအားနည်းချက်တွေ ဖြစ်တယ်ဆိုပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org