မြန်မာ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း ၄ ခု ပူးပေါင်းပညာပေးမည်


2018.11.09
phone-user-622 ဖုန်းအသုံးပြုနေသူတချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံက မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူတွေအတွက် data အသုံးပြုတာနဲ့ ပတ်သက်ပြီး ပညာပေးရေး အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ့်အကြောင်း ကုမ္ပဏီ ၄ ခုက ကြေညာလိုက်ပါတယ်။

မိုဘိုင်းဖုန်းတွေ ဖွင့်ထားတဲ့အချိန်မှာ data တွေ မြန်မြန်ကုန်သွားတာမျိုး၊ မထင်မှတ်ပဲ ဖုန်းဖိုးတွေ အကုန်များတာ မျိုးလို မိုဘိုင်းဖုန်းသုံးသူတွေ မကြာခဏ ကြုံရတတ်တာတွေကို နားလည်သဘောပေါက်အောင် ရည်ရွယ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း MPT, Ooredoo, Telenor နဲ့ Mytel ကုမ္ပဏီ ၄ ခုရဲ့ ပူးတွဲကြေညာချက်က ဖော်ပြ ပါတယ်။

Network ဆက်သွယ်မှုတွေမှာ data အသုံးပြုမှုတွေကို စနစ်တကျနဲ့ ချွေချွေတာတာ သုံးတတ်အောင် ပူးပေါင်းပြီး အကူအညီပေးမှာလည်း ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာပါတဲ့ အသုံးပြုပုံစနစ်တွေကို လူတော်တော်များများက နားမလည်ကြသလို မမျှော်လင့်ဘဲ ဖုန်းဘေလ်တွေ များလာတာ၊ data တွေ အသုံးများတာမျိုးတွေကိုလည်း မသိကြဘူးလို့လည်း ပြောပါတယ်။

data အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက် ၁၀ ချက်ပါ လမ်းညွှန်ချက်ကိုလည်း ကုမ္ပဏီ တစ်ခုချင်းစီက ထုတ်ပြန်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းဆက်သွယ်မှုပေါင်း ၅၂.၈ သန်း ရှိနေပြီး MPT ကတော့ ဈေးကွက်ရဲ့ ၄၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး၊ Telenor က ၃၂. ၃ ရာခိုင်နှုန်း၊ Ooredoo က ၁၇.၁ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီသစ်ဖြစ်တဲ့ Mytel က ၃.၆ ရာခိုင်နှုန်း ရှိကြောင်းလည်း GSMA Intelligence ရဲ့ ဘဏ္ဍာရေး တတိယပတ် အစီရင်ခံစာက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။