ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ သတင်းမှားဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်
အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP က ဖော်ပြ ခဲ့တဲ့ သတင်းဟာ မှားယွင်းကြောင်း ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။
-
2018-11-07 -
-
-
အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဘင်္ဂလား နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP က ဖော်ပြခဲ့တဲ့ သတင်းဟာ မှားယွင်းကြောင်း ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံဘက်က ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ဘက်ကလည်း ကန့်ကွက်စာပေးပို့လာခြင်း မရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီသတင်းဟာ မကြာမီကာလအတွင်း စတင်တော့မယ့် နေရပ်စွန့်ခွာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်တာဖြစ်တယ်လို့လည်း မြန်မာသံရုံးက စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် မြန်မာဘက်မှာ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချဘေးကင်းတဲ့ အနေအထား မရှိသေးဘူးဆိုပြီး အထင်မှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းဆင် ဖော်ပြတာလို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
နွားကျောင်းနေတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာနိုင်ငံ ရေမောင်ခလီ လုံခြုံရေးစခန်းဘက်က သေနတ်နဲ့ ၁၇ ချက် ပစ်ခတ်ခဲ့တယ်ဆိုပြီး AFP သတင်းဌာနရဲ့ သတင်းကို နိုဝင်ဘာ ၅ ရက်နေ့က Daily Star သတင်းစာမှာ ထပ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့ထားတာဖြစ်ပါတယ်။