အခြေခံဥပဒေ ခုံရုံးအဖွဲ့ဖွဲ့စည်းဖို့ သမ္မတထံ ပြည်သူ့လွှတ်တော် ဥက္ကဌ သဝဏ်လွှာပေးပို့

ပြည်ထောင်စုသမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အတွက် ပြည်သူ့လွှတ်တော်ကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြသိန်း(အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)၊ တရားလွှတ်တော်ရှေ့နေ ဦးမြသိန်းနဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်တို့ ၃ ဦးကို ခုံရုံးအဖွဲ့မှာ ထည့်သွင်းခန့်အပ်သွားဖို့ နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ကြေညာခဲ့ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။ RFA

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့အတွက် အမျိုးသားလွှတ်တော်က သုံးဦး ရွေးချယ်ရမှာဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ သုံးဦး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့ ကိုးဦးပါ ခုံရုံးအဖွဲ့ထဲကနေ ဥက္ကဌကို ထပ်မံရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့က ပြည်သူ့လွှတ်တော်မှာ  လွှတ်တော်ကိုအသိပေးခြင်း လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာတင်သွင်းခြင်းနဲ့ လွှတ်တော်က အတည်ပြုတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စား ၁ဝ ဦးက မေးခွန်းမေးမြန်းမှုနဲ့ ဥပဒေကြမ်း ၂ ခုကို လွှတ်တော်က အတည်ပြုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org