မြန်မာ့ငြိမ်းချမ်းရေး ကူညီဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေအတွက် အကူအညီတွေ ပေး သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကတိပြုပြောကြားလိုက်ပါတယ်။
-
2015-04-17 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အကူအညီတွေ ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဧပြီလ ၁၄ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာလို့ ဂျပန်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်တာကို မြင်တွေ့လိုတဲ့ အကြောင်းနဲ့၊ အခုနှစ်ကုန်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့ လိုအပ်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဝန်ကြီး ဦးအောင်မင်းရဲ့ခရီးစဉ်မှာ သမ္မတဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ကို ရေးသားလိုက်တဲ့ စာတစ်စောင်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။
အဲ့ဒီစာမှာ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းမယ့်အကြောင်းနဲ့၊ လာမယ့်ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတစွာ ကျင်းပပေးမယ့်အကြောင်း သမ္မတ ဦသိန်းစိန်က ကတိပေးရေးသားထားတယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံမှာရောက်နေတဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုကျိုမြို့က တက္ကသိုလ်တစ်ခုမှာ ဂျပန်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ အဲ့ဒီတွေ့ဆုံပွဲကို မြန်မာနိုင်ငံသားတွေပါ တက်ရောက်ကာ မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။