မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ မကျော်ကြောင်း သန်းခေါင်စာရင်း ဌာနပြောကြား
ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ခံ ရရှိခဲ့ တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်း အတိအကျကို သြဂုတ်လ ၃၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေ ညာမှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ဗဟိုသန်းခေါင်စာရင်း ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
-
2014-08-21 -
-
-
Your browser doesn’t support HTML5 audio
ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ခံရရှိခဲ့ တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်း အတိအကျကို သြဂုတ် လ ၃၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာ မှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ဗဟိုသန်းခေါင်စာရင်း ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
မကြားသေးခင်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင် စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံး လူဦးရေဟာ သန်း ၆၀ မကျော်နိုင်ဘူးလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
"ကျနော်တို့ သြဂုတ်လ ၃ဝ ရက်နေ့မှာတော့ တရားဝင် ထုတ်ပြန်ပေးပါ့မယ်ခင်ဗျ၊ သန်း ၆ဝ ကတော့ ကျော် သွားစရာအကြောင်း မရှိပါဘူးခင်ဗျ၊ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ အဆင့်ဆင့်စစ်ဆေးပြီးတော့ နိုင်ငံတကာ အကြံပေးအဖွဲ့တွေကလည်း ဒီမှာဝိုင်းပြီးတော့ စိစစ်ပေးတယ်၊ အမှားအယွင်းတွေမရှိအောင်လေ၊ အတည်ပြုပြီးတော့ ထုတ်ပြန်လိုက်တော့မှာပါ၊ ပွင့်လင်းမြင်သာစွာနဲ့ အကုန်လုံးကို ချပြပေးနိုင်မှာခင်ဗျ၊ ဒါတွေက UN အဖွဲ့တွေရော ဘာတွေရောပေါင်းပြီးမှ စိစစ်ထားပါတယ်"
အခုထုတ်ပြန်မယ့်စာရင်းမှာ တိုင်းနဲ့ ပြည်နယ် မြို့နယ်တွေအလိုက် ကောက်ခံရရှိတဲ့ လူဦးရေ စာရင်းအပြင် ကောက် ခံချိန်အတွင်းမှာကျန်ရှိခဲ့တဲ့ လူဦးရေစာရင်းကိုပါ အတိအကျ ထည့်သွင်းဖော်ပြမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီစာရင်းဟာ ရှေ့ပြေးလူဦးရေစာရင်းသာဖြစ်ပြီး နောက်ဆုံးအချက်အလက် အတိအကျ အားလုံးကိုတော့ ၂၀၁၅ ခုနှစ် ဧပြီလမှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားကြောင်း၊ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုကြီးနဲ့ မျိုးနွယ်စုအရေအတွက်က အပြောင်းအလဲရှိတဲ့အတွက် ဒီတိုင်းရင်းသား မျိုးနွယ်စုတွေအတွက် အတိအကျစာရင်း ထုတ်ပြန်နိုင်မှာ မဟုတ်သေးကြောင်း ဦးမြင့်ကြိုင်ကပြောပါတယ်။
ကောက်ခံရရှိခဲ့တဲ့ စာရင်းတွေကို နိုင်ငံတကာ သန်းခေါင်စာရင်း အကြံပေးအဖွဲ့တွေ၊ ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ ဗဟိုသန်းခေါင်စာရင်းကော်မတီတို့ ပူးပေါင်းစိစစ် ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။
ဗဟိုသန်းခေါင်စာရင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။