မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ပြင်ဆင်ဖွဲ့စည်းတော့မည်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာသမားတွေ၊ ထုတ်ေ၀ သူတွေနဲ့ စာရေးဆရာတွေ အပါအဝင် အဖွဲ့ဝင် ၂၉ ဦးနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင် ခင် ပြင်ဆင်ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ စာနယ်ဇင်းကောင် စီ(ယာယီ) တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
-
2015-09-03 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာသမားတွေ၊ ထုတ်ဝေသူတွေနဲ့ စာရေးဆရာတွေ အပါအဝင် အဖွဲ့ဝင် ၂၉ ဦးနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။ အရင်က ယာယီအနေနဲ့ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီကို အသစ်ပြန်လည် ဖွဲ့စည်းမှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။
'လွှတ်တော်နှစ်ရပ်နဲ့ သမ္မတရုံးက ကိုယ်စားလှယ် ၃ ဦးပေါ့နော် အဲဒါကောင်စီမှာပါမယ်ဆိုတဲ့ဟာကို စိုးရိမ်မှုတွေ ရှိတာတော့ ကျနော်နားလည်တယ်၊ ကျနော်တော့ အဲလိုမစိုးရိမ်ဘူး၊ ဘာလို့လဲဆိုတော့ အရေအတွက် အချိုး အစားအားဖြင့်ဆိုရင် သတင်းမီဒီယာဘက်က တဝက်ကျော်နေလိမ့်မယ်၊ ဒီ ၃ ဦးရဲ့မဲက အဲ့ဒါကိုကျော်နိုင် စရာတော့မရှိဘူး"
ရွေးချယ်တင်မြှောက်ခံရမယ့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၉ဦးထဲမှာ သတင်းမီဒီယာသမားတွေ၊ ထုတ်ဝေသူတွေ၊ စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းရုပ်ပြဆရာတွေ ၂၂ ဦး ပါဝင်မှာဖြစ်ပြီး သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ်ကို ကိုယ်စားပြုသူ ၃ဦး၊ တတ်သိပညာရှင် ၄ဦးလည်း ပါဝင်မှာ ဖြစ်ပါတယ်။
စာနယ်ဇင်းကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံခွင့်ရှိသူတွေဟာ သက်တမ်း ၁နှစ်ရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေဖြစ်ရမှာဖြစ်သလို အဲဒီအဖွဲ့ဟာလည်း အဖွဲ့ဝင် အနည်းဆုံး အယောက် ၁၀၀ ရှိရ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ ရှိရမယ့် အပြင် နိုင်ငံခြား အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံ မဖြစ်ရဘူးလို့လည်း သိရပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားတာတွေကို ကြားဝင်ညှိနှိုင်းဖြေရှင်းပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။