မြန်မာ့ ပြုပြင်ပြောင်းလဲရေး မြန် လွန်းတယ်လို့ မဆိုနိုင်
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး၊ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားနေတာ ဆိုရင် မြန်လွန်းတယ်လို့ မပြောနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။
-
2014-02-10 -
-
-
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး၊ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားနေတာ ဆိုရင် မြန်လွန်းတယ်လို့ မပြောနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် ရွှေနန်းတင်ဟိုတယ်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဂျာမန်သမ္မတနဲ့ အတူပါလာတဲ့ သတင်းထောက်တစ်ဦးက လက်ရှိပြုပြင်ပြောင်းလဲရေးဟာ မြန်ဆန် လွန်းနေလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလိုဖြေကြားခဲ့တာပါ။
ဂျာမနီနိုင်ငံ သမ္မတဟာ ဒီနေ့ မနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နေ့လည်ပိုင်း က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အားရကျေနပ်စရာဖြစ်တာကြောင့် ဂျာမနီနိုင်ငံကို မြန်မာနိုင်ငံကပေးဖို့ရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈၂ သန်းကို ဖြေလျှော့ပေးလိုက်ကြောင်းလည်း သိရပါတယ်။
ဂျာမန်သမ္မတဟာ မနက်ဖြန် ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို နေ့လည်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မိန့့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးမှု အများဆုံးနိုင်ငံလို့ သိရပါတယ်။