မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခုနစ်သောင်းရှိလာ
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသိန်းခုနစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-02-09 -
-
-
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေဖြစ်တဲ့ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ တနင်္သာရီနဲ့ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၆၈၄၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ၃၆၁၀၀၀ ကျော်ရှိရာကနေ အခု ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ နောက်ထပ် စစ်ဘေးဒုက္ခသည် ၇၄၀၀ ကျော် တိုးလာပြီး အခုဆိုရင် စစ်ဘေးဒုက္ခသည်ပေါင်း ၃၆၈၄၀၀ ကျော်အထိရှိလာနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်မှာ ဒုက္ခသည် ၁၀၅၄၀၀ ဦး၊ ကယား (ကရင်နီ) ပြည်နယ်မှာ ဒုက္ခသည် ၈၆၆၀၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒုက္ခသည် ၅၄၀၀၀ ဦး၊ မွန်ပြည်နယ်မှာ ဒုက္ခသည် ၂၆၈၀၀ ဦး၊ တနင်္သာရီတိုင်းမှာ ဒုက္ခသည် ၃၈၇၀၀ ဦးနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဒုက္ခသည် ၅၆၉၀၀ ဦး တို့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာပေါင်း ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခုံလှုံနေကြရပြီး စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ် နေတယ်လို့ UN OCHA က ပြောပါတယ်။
ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ အကူအညီပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ သံတောင်မြို့မှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု တွေကြောင့် ဒေသခံ ၆၂၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရသလို ကယားပြည်နယ်မှာ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်က တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်က လူတစ်ထောင်ဝန်းကျင် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီး အဲဒီအထဲက လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ UN OCHA က ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက နိုင်ငံတဝှမ်းက လူဦးရေ ၄ သန်းအတွက် လိုအပ်တဲ့အကူအညီတွေ ရောက်ရှိပံ့ပိုးနိုင်ခဲ့တယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။