နိုင်ငံတစ်ဝန်း ဒုက္ခသည် ၁ ဒသမ ၈ သန်းကျော်ရှိလာ
မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာပါတယ်။
-
RFA Burmese
2023-04-06 -
-
-
မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိုနှိုင်းရေးမှူးရုံး (UNOCHA) က ဧပြီ ၅ ရက်မနေ့က ထုတ်ပြန်ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး အဲဒီအထဲက ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ကချင်ပြည်နယ်ထဲက ဖားကန့်၊ မိုးညှင်း၊ ရွှေကူ၊ ဆွမ်ပရာဘွမ် မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ ပေါက်ကွဲမှုတွေနဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေက အရပ်သားတွေကို ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ အစောပိုင်းက ရွှေကူမြို့နယ် ကျေးရွာတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သားပြည်သူ ၁,၃၀၀ ကျော်ဟာ တောတောင်တွေထဲက ယာယီစခန်းတွေမှာ နေထိုင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အသုံးအဆောင် ပစ္စည်းတချို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အတွက် လိုအပ်ချက်တွေကို ပေးနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။