မြန်မာအတွက်တောင်းထားတဲ့ ဒေါ်လာသန်းတစ်ထောင်ခန့်ထဲ လေးရာခိုင်နှုန်းသာရရှိသေး

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွက် ဒေါ်လာသန်း ၉၉၀ တောင်းခံထားပေမယ့် လေးရာခိုင်နှုန်းသာ ရရှိသေးပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာမှ ခေါ်ထုတ်ပြီး စန်းကားကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွက် ဒေါ်လာသန်း ၉၉၀ တောင်းခံထားပေမယ့် လေးရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူညီလိုအပ်နေတဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းရှိတဲ့အထဲ ဒီနှစ်အတွက် လူဦးရေ ၅ ဒသမ ၃ သန်းကို ကူညီထောက်ပံ့ရေးဆောင်ရွက်ဖို့ ရန်ပုံငွေ မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲကြောင့် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ နွေရာသီရောက်လာတာကြောင့် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံနေရပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပိတ်ဆို့ခံထားရတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာမှာကိုပါ စိုးရိမ်ရတယ်လို့ UNOCHA က ပြောထားပါတယ်။

အခုနှစ်ရဲ့ သုံးလကုန်လွန်လာတဲ့အချိန်အထိ ရန်ပုံငွေရဲ့ လေးရာခိုင်နှုန်းသာရရှိသေးတာကြောင့် ရန်ပုံငွေ လိုအပ်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကူညီလိုအပ်နေတဲ့ လူဦးရေ ၃ ဒသမ ၂ သန်းကို ကူညီခဲ့ပေမယ့် ရန်ပုံငွေမလုံလောက်မှုနဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် UNOCHA ရဲ့ နဂိုအစီစဉ်တိုင်း ဆောင်ရွက်နိုင်တာ မရှိခဲ့ဘူးလို့လည်း မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာလည်း လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org