မြန်မာ့ဆန်တင်ပို့မှု အထူးအခွင့်အရေး EU ပြန်ရုပ်သိမ်းဖို့ရှိ


2018.11.11
myanmar-rice-622.JPG နိုင်ငံခြားကိုတင်ပို့မယ့် မြန်မာနိုင်ငံက ဆန်အိတ်တချို့ကို တွေ့ရစဉ်
.

ဥရောပသမဂ္ဂ EU က မြန်မာ့ဆန်တင်သွင်းမှုအပေါ် ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ၃ နှစ်လောက် ရုပ်သိမ်းဖို့ရှိကြောင်း မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

အဲဒီအကြောင်းကြားစာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ထံ ဒီလဆန်းပိုင်းမှာ ပေးပို့လာတာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မတိုင်ခင် အကြောင်းပြန်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို ဆန်စပါးအဖွဲ့ချုပ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ UMFCCI မှာ မနက်ဖြန် တွေ့ဆုံသွားမှာဖြစ်ပါတယ်။ EU ဘက်ကို သတ်မှတ်ရက်မတိုင်ခင် အကြောင်းပြန်သွားနိုင်ဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေဆီ ဆန်တင်ပို့တဲ့အပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး GSP ပေးထားတာကို ၃ နှစ် ရုပ်သိမ်းဖို့ စဉ်းစားနေတာနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ ဆန်စပါးအသင်း တာဝန်ရှိသူတွေ ဘက်က ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထား ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီ မြန်မာနိုင်ငံရဲ့ဆန်တင်ပို့မှုအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး GSP ၃ နှစ်ရုပ်သိမ်းဖို့ ဥရောပသမဂ္ဂ EU ဘက်က အကြောင်းကြားထားတဲ့အပေါ် မြန်မာအစိုးရဘက်က လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ နောက်ဆုံးထား အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။

GSP ရုပ်သိမ်းဖို့ သင့်မသင့်ကို EU ဘက်က အတိအလင်း မဆုံးဖြတ်ရသေးပေမယ့် တကယ်ဖြစ်လာဖို့ ရာခိုင်နှုန်းများ နေတာလည်း ဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ရှေ့ဆက်ဆောင်ရွက် မယ့်အခြေအနေကို အခုလို ပြောပါတယ်။

"ဒီအပေါ်မှာ ကျနော်တို့ ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လိုညှိနှိုင်းမလဲဆိုတာကို ဆွေးနွေးပြီး သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ သူတို့ဆီကို အကြောင်းပြန်ဖို့ ဆောင်ရွက်ပါမယ်"

ဥရောပသမဂ္ဂဟာ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး GSP ပေးခဲ့တာဖြစ်ပြီး မြန်မာဘက်က လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နဲ့ အထည်တွေ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံကနေ နှစ်စဉ် အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီ ဆန်တန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

EU ဘက်က ကုန်သွယ်မှုအထူးအခွင့်အရေး ပေးထားတဲ့အတွက် သွင်းကုန်အခွန်သက်သာခွင့် ၁၃ ရာခိုင်နှုန်း ရရှိနေတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ ဒီလအတွင်း ရုပ်သိမ်းဖို့ သင့် မသင့် ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီး ဆုံးဖြတ်ချက် အတည်ဖြစ်ပြီဆိုရင် ဒီဇင်ဘာလမှာ စတင်အကျုံးဝင်မှာဖြစ်ပါတယ်။

အဲဒီလိုဆန်တင်ပို့မှုအပေါ် အထူးအခွင့်အရေး GSP ရုပ်သိမ်းလိုက်ရင် ဆန်တစ်တန်မှာ ယူရိုဒေါ်လာ ၁၀၀ ကျော် အခွန်ဆောင်ပြီး တင်ပို့ကြရတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရောင်းအားကျဆင်းသွားနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"အရင်တုန်းကဗျာ၊ ကျနော်တို့ဆီက အရည်အသွေးနိမ့်လည်း အခွန်သက်သာတဲ့အတွက်ကြောင့်မို့လို့ ဈေးချိုတဲ့သဘောဖြစ်နေတာပေါ့နော်၊ အခုကတော့ အဲဒီအခွန်ပေးရမယ်ဆိုတော့ ကျန်တဲ့တိုင်းပြည်တွေနဲ့ယှဉ်ပြီး ရောင်းရမှာပေါ့နော်၊ ရောင်းတဲ့အခါကျရင်တော့ ကျနော်တို့အနေနဲ့ အရင်လို ရောင်းအားအများကြီး ရချင်မှ ရတော့မှာပေါ့နော်"

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးလှမောင်ရွှေကတော့ အခုလို သုံးသပ်ပါတယ်။

"ဆန်က EU နိုင်ငံတွေကိုတင်ပို့တာ တစ်နှစ်ကို ယူရိုအားဖြင့်တော့ တစ်နှစ်ကို ဒေါ်လာသန်း ၁၀၀ ကျော်ဖိုးတော့ ရှိတယ်၊ GSP ရဲ့ ကိစ္စက ဥရောပကို သွားတဲ့အထဲမှာ ဆန်က သိပ်ပြီးမထိခိုက်ဘူး၊ နည်းနည်းပဲထိခိုက်တယ်၊ ဒါပေမဲ့ အထည်ချုပ်လိုမျိုးမှာကျတော့ သူက အများကြီးထိခိုက်တယ်၊ အခွန်ကင်းလွတ်ခွင့်က အာရှထဲမှာ ဘင်္ဂလားဒေ့ရှ်ရယ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနဲ့ပဲရတာကိုး၊ မြန်မာကို ခုနလိုမျိုးရပ်ဆိုင်းလိုက်မယ်ဆိုရင် ၁၅ % အခွန်သက်သာအောင် လာချုပ်တဲ့ သူတွေက ပြန်သွားမယ်ဆိုရင် အလုပ်သမားတွေအများကြီး အလုပ်လက် မဲ့ဖြစ်မယ်လို့ ဆိုလိုတဲ့သဘောကို ပြောတာ"

EU ဘက်က မြန်မာ့ဆန်တင်ပို့မှုအပေါ် အခုလို လုပ်ဆောင်လာတာဟာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်နိုင်တယ်လို့ ဝေဖန်နေသူတွေရှိပေမယ့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းကတော့ အခုလို ပြောပါတယ်။

"ဆန်နဲ့ပတ်သက်ပြီးတော့ အီတလီက လယ်သမားတွေက ကန့်ကွက်ကြတယ်၊ အာရှဘက်က ဆန်တွေ၊ အဓိကက မြန်မာနဲ့ ကမ္ဘောဒီးယားဘက်က ဆန်တွေဝင်နေတဲ့အတွက် သူတို့လယ်သမားတွေ နစ်နာပါတယ် ဆိုပြီးတော့၊ အဲအတွက်ကို Safeguard Duty ကောက်မယ်ဆိုပြီး သူတို့လုပ်တဲ့ဟာ၊ Safeguard Duty ဆိုတာ ကုန်သွယ်မှုမှာ သူတို့နစ်နာတယ်ဆိုလို့ရှိရင် လုပ်လို့ရတဲ့ဟာကို သတ်မှတ်ပြဋ္ဌာန်းထားတာပါ၊ အဲဒီအတိုင်း လုပ်ဖို့အတွက် သူတို့က အဆိုပြုထားတာ၊ အဲအတွက်ကြောင့် ကျနော်တို့လည်း ဒီဘက်အပိုင်းကနေပြီးတော့ သတ်မှတ်စည်းမျည်း စည်းကမ်းတွေနဲ့အညီ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အခုညှိဖို့လုပ်နေတယ်"

မြန်မာနိုင်ငံကို EU က GSP ရုပ်သိမ်းဖို့ စဉ်းစားနေချိန်မှာ EU ဘက်က နိုင်ငံတကာရေးရာအဖွဲ့၊ ကုန်သွယ်ရေးရာ အဖွဲ့တို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

EU က စေလွှတ်တဲ့ အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် AFFM တို့နဲ့ တေ့ွဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ EU ရဲ့ စဉ်းစားချက်ကို  အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ EU က မြန်မာကိုပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP တွေထဲက ဆန်တင်ပို့မှုအပေါ် အခွန်သက်သာခွင့် ရုပ်သိမ်းနိုင်ဖို့ရှိကြောင်း ပထမဆုံးအနေနဲ့ အကြောင်းကြားလာတာ ဖြစ်ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။