လိုအပ်ရင် ပြည်ပဆန် တင်သွင်းမယ်လို့ ဆန်စပါး အသင်းချုပ် ပြောကြား
ရေဘေးကြောင့် ပြည်တွင်းမှာ ဆန်ပြတ်လပ်မှုမရှိအောင်အတွက် ပြည်ပကို ဆန်တင်ပို့မှု ယာယီရပ်ဆိုင်းထားပြီး လိုအပ်လာရင် ပြည်ပကနေ တင်သွင်းဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
-
2015-08-06 -
-
-
ရေဘေးကြောင့် ပြည်တွင်းမှာ ဆန်ပြတ်လပ်မှုမရှိအောင်အတွက် ပြည်ပကို ဆန်တင်ပို့မှု ယာယီရပ်ဆိုင်းထားပြီး လိုအပ်လာရင် ပြည်ပကနေ တင်သွင်းဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။
"မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ညီနောင်အသင်းများရဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ရဲ့ အများပိုင်ကုမ္ပဏီ အနေနဲ့ အရန်ဆန်သိုလှောင်ထားရှိဖို့ အခြေအနေကိုလည်း ဆောင်ရွက်နေပါတယ်၊ အရန်ဆန်သိုလှောင်ထား ရှိမှုကလည်း ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ကာကွယ်မှုတစ်ခုကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အင်မတန်ဆိုးဝါးတဲ့ အနေအထားမျိုး ပြတ်လတ်မှုဖြစ်လာမယ်ဆိုရင် တခြားနိုင်ငံကနေ တင်ပို့တဲ့အနေအထားကို ခွင့်ပြုဖို့ဆိုပြီးတော့ နိုင်ငံတော်ရဲ့ခွင့်ပြုချက်ကို ကျနော်တို့ရယူထားပါတယ်၊ ဒါကြောင့်မို့ တိုင်းပြည်အတွက် ဆန်စပါးရိက္ခာ ပူပန်စရာမရှိဘူးဆိုတာကို ပဏာမအနေနဲ့ ကျနော်ပြောကြားအပ်ပါတယ်"
ရေဘေးသင့်ဒေသတွေမှာ ပုံမှန်ဈေးနဲ့ ရောင်းချပေးဖို့အတွက် ဆန်လက်ကားဆိုင်တွေ ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်အတွင်းမှာ ဆန်ဝယ်ယူမှု များနေတာကြောင့် ဈေးနှုန်းမမြင့်တက်အောင် ထိန်းညှိသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးနီးပါး ရေနစ်မြုပ်မှုကြောင့် မိုးစပါးဧက တစ်သန်းနီးပါး ရေဖုံးလွှမ်းသွားပြီး ဧက ၂သိန်းလောက် ပျက်စီးသွားတယ်လို့ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။