လွိုင်ကော်မှာ တိုက်ပွဲတွေဆက်ဖြစ်ပြီး အရပ်သားတစ်ဦး သေဆုံး

ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၃ ရက် မနေ့ကထိ တိုက်ပွဲ တွေဆက်ဖြစ်နေပြီး နှစ်ဖက်ပစ်ခတ်မှုအကြား အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ကနေ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဥ် Photo: Citizen Journalist

ဇန်နဝါရီလ ၈ ရက်နေ့ကစလို့ မြို့ပြတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၃ ရက် မနေ့ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး လမ်းသွားလမ်းလာတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဟော်ကြီးဘုန်းကြီးကျောင်းလမ်းပေါ် ဆိုင်ကယ်မောင်းလာတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ယောက် ကျည်ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းကို မကောက် ယူနိုင်သေးတာကြောင့် သေဆုံးသူရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို အတိအကျ မသိရသေးပါဘူး။
မနေ့က တိုက်ပွဲဖြစ်နေချိန်မှာ ဘယ်သူမှ အပြင်မထွက်ရဲတဲ့အတွက် ဒီမနက်အထိ အလောင်းကောက်ယူသူ မရှိဘဲ ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် ကားလမ်းမပေါ်မှာ ဒီအတိုင်းရှိနေဆဲလို့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကြားထဲရောက်တာက ဆိုင်ကယ်သွားပုံအရဆို ဒီမြို့ထဲကနေ မိုင်းသောက်ဘက်ကို သွားတဲ့လမ်းမှာ အပစ်ခံလိုက်ရတာမျိုး၊ ကျနော်လေ လမ်းဘေးဘက်မှာပဲ ချထားပေးခဲ့လိုက်တယ်။ ကျနော့်နောက်မှာ သယ်လို့မရဘူး။ ဆန်အိတ်တွေလည်း ပါတော့လေ။ ဘေးနားမှာပဲ ချထားပေးလိုက်တယ်။ သေချာလေး တော့ လုပ်ပေးခဲ့ရတာပေါ့။ မနေ့ညက အဲနားမှာ သေနေတယ်ဆိုတာ ၆ နာရီလောက်ကတည်းက တက်လာတယ်လေ။ ဒီနေ့မနက် အဲဘက်ကို သွားရင်းနဲ့မှတွေ့တာ။ ကတ္တရာလမ်းပေါ်မှာဗျ။ ဆိုင်ကယ် ခွရက်ကြီး သေတာ။"

တိုက်ပွဲဖြစ်ပြီး အပစ်အခတ်တွေ ရှုတ်ထွေးနေချိန်မို့ ဘယ်ဘက်က ပစ်လိုက်လို့ သေဆုံးခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၈ ရက် တိုက်ပွဲဖြစ်ချိန်ကနေ မနေ့ကထိ ငါးရက်အတွင်း လွိုင်ကော်မြို့မှာ တိုက်ပွဲတွေကြောင့် ၁၀ ယောက်နီးပါး သေဆုံးတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့က လူဦးရေ ခြောက်သောင်းကျော်အနက် ငါးသောင်းကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီး ကျန်နေသူတွေလည်း ဒီကနေ့ထိ မြို့က တဖွဲဖွဲ စွန့်ခွာနေကြ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာလည်း ရွှေ့ပြောင်းသူတွေ ထပ်ရှိတာကြောင့် ကိုယ့်ပိုင်ဆိုင်မှုတွေကို မစွန့်နိုင်ဘဲ စောင့်ကျန်ရစ်သူတချို့သာ ကျန်တော့တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“အလုံးအရင်းနဲ့ ၈၊ ၉၊ ၁၀ ပုံစံမျိုးတော့ နည်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲရက်က အဓိက အများဆုံး ရွှေ့သွားတာပေါ့။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းချင်း ရွှေ့တာလေးတွေရှိပါတယ်။ ခန့်မှန်းခြေ သုံးသောင်းမကျော်ဘူး။ ရပ်ကွက် ၁၅ ခုမှာ တော်တော်များများက ရွှေ့သွားတာဖြစ်တဲ့ အတွက်ပါ ခင်ဗျ။"

လွိုင်ကော်မြို့ကနေ ထွက်ပြေးရသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ အောင်ပန်း စတဲ့မြို့တွေမှာ ခိုလှုံနေရပါတယ်။

"သူတို့ ရမ်းသမ်းထုတဲ့ အမြောက်တွေလည်း ကြားရတာပေါ့နော်။ ဒီးမော့ဆိုရွာက လူတွေလည်း ပြေးကုန်တာပေါ့နော်"

ကရင်နီ ကာကွယ်ရေးတပ်တွေဟာ လွိုင်ကော်မြို့ပေါ်မှာ ပြောက်ကျားပုံစံနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပြီး၊ ဒီးမော့ဆိုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သုံးယောက် မိုင်းနင်းမိလို့ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“လွိုင်ကော်က ပြောက်ကျားစနစ်နဲ့ပဲ ကိုင်လိုက်တယ်။ ၁၀ မိနစ်လောက်ပဲ။ ပြီးတော့မှ သူတို့က တိုက်လေယာဉ်ပေါ့နော်။ မနေ့ကတော့ ဒီးမော့ဆိုမှာ သုံးယောက်ကျတယ်ပြောတယ်။ မိုင်းနင်းမိတာ။ မနေ့ည ညသန်းခေါင်မှာ ပျံဝဲနေတာပဲ။ သူတို့ ရမ်းသမ်းထုတဲ့ အမြောက်တွေလည်း ကြားရတာပေါ့နော်။ သုံးလေးလုံးလောက် ကြားရတာပေါ့နော်။ ဒီးမော့ဆိုရွာကလူတွေလည်း ပြေးကုန်တာပေါ့နော်။"

မြို့တော် လွိုင်ကော် အထက်ကောင်းကင်မှာ ဒီကနေ့ထိ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ ပျံဝဲနေပြီး ဒီးမော့ဆိုမှာတော့ စစ်လေယာဉ်တွေ မနေ့ညက ပျံဝဲနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် လွိုင်ကော်လိုပဲ ဒီးမော့ဆိုကနေ ဘေးလွတ်ရာကို ဒီနေ့ထိ ထွက်ပြေးတိမ်းရှောင်နေတုန်းပဲလို့ ဒီးမော့ဆို စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။

"နှစ်နာရီမထိုးခင်မှာ အခုလေးတင်ပဲ ရဟတ်ယာဉ်တစ်စီးတော့ နမ့်ဆန်ကနေ တက်လာပြီး လွိုင်ကော် ဘက်တော့ မလာဘူး။ ဖရူဆိုဘက်ကို ဖြတ်သွားတာတော့ တွေ့လိုက်တယ်။ ညပိုင်းတော့ ထုလာတယ်။ ကိုးနာရီ၊ ဆယ်နာရီ၊ တစ်ခါတလေ နှစ်နာရီမှာ ထုတယ်ပေါ့နော်။ အဲလိုမျိုးတွေ၊ ည တစ်နာရီ နှစ်နာရီ လည်း လေယာဉ်သံကြားတယ်။ လေယာဉ်တွေ ရှိတယ်ပေါ့နော်။ လေယာဉ်သံကြားတော့ ဒီးမော့ဆို ပြည်သူတွေ ထွက်ပြေးရတာတွေရှိတယ်။"

(လွိုင်ကော်ကနေ ရှမ်းပြည်ဘက်ကို ထွက်ပြေးနေရတဲ့ သံဃာတွေကို တွေ့ရစဥ်) Photo: CJ

ဒီးမော့ဆိုမြို့နယ်တစ်ခုလုံးမှာတော့ လူဦးရေ ကိုးသောင်းကျော်လောက်ရှိပြီး မြို့ပေါ်ရော ကျေးလက်ပါမကျန် တိုက်ပွဲတွေဖြစ်နေတာကြောင့် လူဦးရေ ခုနစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောပါတယ်။

လွိုင်ကော်မြို့ရဲ့ လူဦးရေထက်ဝက်ကျော်ဟာ ပြည်တွင်းမှာပဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပြီး အိုးအိမ် စွန့်ခွာထွက်ပြေးသူတွေက လူထုအခြေပြုဌာနတွေ ဒါမှမဟုတ် တောထဲမှာ ခိုလှုံဖို့ ကြိုးပမ်းခဲ့ရတဲ့အကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေးအတွက် လုံခြုံရေးအခြေအနေ တွေကြောင့် ယာယီရပ်ဆိုင်းထားဖို့ ဖိအားပေးခံရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃ ရက်အထိ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်က အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း တစ်သိန်းခြောက်သောင်းကျော်ဟာ တိုက်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ် မေလကစ ထွက်ပြေးနေရပြီး ကယားပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းများအပါဝင် လူနေအိမ် ၆၅၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ လွိုင်ကော်မြို့က တိုက်ပွဲအခြေအနေ၊ အရပ်သားသေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်နဲ့ အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org