မိုးဗြဲ PDF ကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကင်းစခန်း တစ်ခုကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၇ ရက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ PDF တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ နိုဝင်ဘာ ၁၇ ရက်နေ့မနက်က စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့တဲ့ မိုးဗြဲ PDF တပ်စွဲထားတဲ့ မိုးဗြဲမီးသတ်စခန်းကို တွေ့ရစဥ် Photo: PKPF

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ် တွေက နိုဝင်ဘာ ၁၇ ရက် ဒီကနေ့မနက်အစောပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ လို့ PDF တပ်ဖွဲ့ ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် နှစ်နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အင်အားမမျှလို့ ကင်းစခန်းကနေ ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်နေသူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီမနက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

စစ်ကောင်စီဘက်က လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့လို့ အိမ်တချို့ပျက်စီးခဲ့ရပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော်မှာ အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ကာ နေအိမ်စုစုပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်တဲ့ ကိုးလအတွင်းမှာ နိုဝင်ဘာ ၁၆ ရက် မနေ့ကအထိ PDF ဘက်က သေဆုံးသူ ၃၂ ဦးရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး သူ ၄၅၀ အထိရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ၁၉ စီးအထိ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီမနက် တိုက်ပွဲသတင်းကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org