ပေါက်မြို့နယ် သစ်ညီနောင်ရွာမှာ လူနေအိမ် ၂၉ လုံး မီးရှို့ခံရ

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက သစ်ညီနောင်ရွာကို အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်လာပြီးနောက် ဧပြီလ ၂၈ ရက် ဒီနေ့မနက်က လူနေအိမ် ၂၉ လုံး မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ် မီးရှို့သွားသည့် မကွေးတိုင်း ပေါက်မြို့နယ် သစ်ညီနောင်ရွာကို တွေ့ရစဥ် Photo: Citizen Journalist

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက သစ်ညီနောင်ရွာကို အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်လာပြီးနောက် ဧပြီလ ၂၈ ရက် ဒီနေ့မနက်က လူနေအိမ် ၂၉ လုံး မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီလ ၂၇ ရက်နေ့ မနေ့ညက ရွာကိုဝင်ရောက်လာတာဖြစ်ပြီး ဒီနေ့ မနက်က ပြန်ထွက်သွားချိန်မှ ရွာသားတွေက ဝင်ရောက်မီးငြှိမ်းခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သစ်ညီနောင် ရွာသားတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ရွာသားတွေ ရွာထဲပြန်ဝင်ပြီး မီးငြှိမ်းနေတယ်ဗျ။ နည်းနည်း ငွေ့ငွေ့ကတော့ ကျန်သေးတာပေါ့ဗျာ။ မီးလောင်ထားတဲ့ မီးပုံတွေ ရေတွေနဲ့ လိုက်ပက်နေတာဗျ"

တောင်ယာလုပ်ကိုင်တဲ့ ကျေးလက်အိမ်တွေဖြစ်လို့ နှစ်လုံးတွဲတွေများပြီး လူနေအိမ်တွေ အပြင် ခြံဝိုင်းထဲက နွားစာဆောင်၊ မီးဖိုဆောင်နဲ့ အခြားအဆောက်အအုံတွေပါ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ ရွာကို PDF ကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး အခုလို ဝင်ရောက်မီးရှို့တာလို့လည်း ပြောပါတယ်။

သစ်ညီနောင်ရွာက အိမ်ခြေ ၂၈၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန် ရွာသားအများစုက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့စရာအကြောင်းမရှိသလို ဒါတွေဟာ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆို ထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကတော့ မကွေးတိုင်းအတွင်း ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ မီးရှို့ခံရတဲ့အိမ် ၁၈၁၄ လုံးအထိ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org