ကလေးမြို့နယ်မှာ စစ်တပ်က ပစ်ခတ်စဉ် အရပ်သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ မှာ စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၁ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်အချိန်က သာစည်ကျေးရွာမှာ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် လမ်းမပေါ်သွားလာနေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးဖိုးထွန်းဟာ သေနတ်ထိမှန် သေဆုံးသွားတယ်လို့ သာစည်ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ၂၀၂၁ စက်တင်ဘာ ၂၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစဥ် Photo: Citizen Journalist
စစ်ကိုင်းတိုင်း ကလေးမြို့ မှာ စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၁ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်အချိန်က သာစည်ကျေးရွာမှာ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် လမ်းမပေါ်သွားလာနေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးဖိုးထွန်းဟာ သေနတ်ထိမှန်သေဆုံးသွားတယ်လို့ သာစည်ကျေးရွာဒေသခံတွေက ပြောပါတယ်။
 
နောက်ထပ် လူငယ်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာစည်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
"သေဆုံးတာက ဦးဖိုးထွန်းတဲ့။ လမ်းမပေါ်သွားနေချိန် ပစ်ခံရတာ။ အသက် ၁၇၊ ၁၈ နှစ်ရှိတဲ့ ကောင်လေးတစ်ယောက်လည်း လည်ပင်း၊ ပုခုံးလား နေရာတော့ မသိသေးဘူး သေနတ်ထိတယ်"
 
စစ်ကောင်စီတပ်သားတွေဟာ နည်းပညာတက္ကသိုလ်၊ ဘုံတောလမ်းကနေ အင်းအားအများအပြားနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရွာသားခုနစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သာစည်ကျေးရွာသားတွေက ပြောပါတယ်။
 
အဲဒီရွာသား ခုနစ်ဦးကို သာစည်ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းကို ခေါ်ဆောင်သွားပြီး ငါးဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်အမျိုးသား နှစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
 
ကလေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုအချိန်အထိ သေဆုံးခဲ့ရတဲ့ပြည်သူ ၁၁၀ ရှိပြီလို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org