ဝူဟန်ပြန် ကျောင်းသား၊ ကျောင်းသူတွေ နေရပ်ပြန်ပြီ
တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ကျောင်းသား ၅၉ ယောက်၊ သွားခေါ်တုန်းက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်း သုံးယောက်၊ လေယာဉ်ဝန်ထမ်း ကိုးယောက်တို့ကို စောင့်ရှောက်ကာလအတွင်း ကျန်းမာရေး ကောင်းတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၆ မနက်ပိုင်းမှာ နေအိမ်တွေကို ပြန်ခွင့်ပြုလိုက်ပါပြီ။
-
ဇာဏီထွဏ်း
2020-02-16 -
-
-
တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ကျောင်းသား ၅၉ ယောက်၊ သွားခေါ်တုန်းက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်း သုံးယောက်၊ လေယာဉ်ဝန်ထမ်း ကိုးယောက်တို့ကို စောင့်ရှောက်ကာလ အတွင်း ကျန်းမာရေးကောင်းတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၆ မနက်ပိုင်းမှာ နေအိမ်တွေကို ပြန်ခွင့်ပြုလိုက်ပါပြီ။
မန္တလေးမြို့က ကန်တော်နဒီဆေးရုံနဲ့ ရန်ကုန်က ဝေဘာဂီဆေးရုံမှာ နှစ်ပတ်ကြာ စောင့်ကြည့်ခဲ့တာ ပြီးဆုံးသွားပြီ ဖြစ်လို့ ပြန်ကြပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားမှူး ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။
“ဝေဘာဂီဆေးရုံမှာ လေယာဉ်အမှုထမ်းနဲ့ အင်ဂျင်နီယာ ငါးယောက်ရယ်၊ အိမ်မှာစောင့်ကြည့်တဲ့ လေယာဉ်မှူးကြီး အပါအဝင် အင်ဂျင်နီယာရယ်၊ တွဲဖက်လေယာဉ်မှုးရယ် လေးယောက်ပေါ့နော်၊ အားလုံးစောင့်ကြည့်ကာလ ပြီးဆုံးသွားပါပြီ”
စောင့်ကြည့်ကာလပြီးသွားလို့ အိမ်ပြန်ခွင့်ရပြီဆိုပေမယ့်လည်း ဂရုစိုက်ဖို့ လိုအပ်နေပါသေးတယ်။
အိမ်ပြန်ရောက်လို့ ဖျားနာတာမျိုးရှိလာရင် ချက်ချင်းအကြောင်းကြားဖို့ လိုတယ်လို့ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီးက သူနာပြု ဦးမျိုးလွင်ဦးက ပြောပါတယ်။
“အိမ်မှာနေရင်း ထူးခြားတာရှိရင် ချက်ချင်းအကြောင်းကြားဖို့ မှာလိုက်ပါတယ်။ အိမ်မှာနေရင်လည်း ကိုယ့်ဘာသာ ဂရုစိုက်နေဖို့ မှာလိုက်ပါတယ်။“
ဦးမျိုးလွင်ဦးဟာ ကျောင်းသား၊ ကျောင်းသူတွေကို ဝူဟန်မြို့ကနေ မြန်မာပြည်ပြန်ခေါ်တုန်းက ကျန်းမာရေး စောင့်ရှောက်ဖို့ လိုက်ပါခဲ့သူတွေထဲက တစ်ဦးပါ။
မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကျောင်းသားတွေရဲ့ကျန်းမာရေးစောင့်ကြည့်ဖို့ ထားတဲ့အချိန်တုန်းက ဆေးရုံကို ကန့်သတ်ဧရိယာသတ်မှတ်ပြီး ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။
ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာရင်လည်း ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီး တိုင်းအစိုးရအဖွဲ့က ကြေညာ ခဲ့ပါတယ်။ စောင့်ကြည့်ထားတဲ့ ကျောင်းသားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သီးသန့်အခန်းလေးတွေနဲ့ ထားတာဖြစ်ပြီး ပြင်ပလူတွေနဲ့ ထိတွေ့ခွင့် လုံးဝမပေးခဲ့ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဆေးရုံထဲမှာ နေရတဲ့ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံခဲ့ရတဲ့အခြေအနေကို ပြောပြတာက ဝူဟန်ကနေ ပြန်လာတဲ့ ဒေါက်တာထွေးသီရိကျော်ပါ။
“ညီမတို့ကို နှစ်ယောက်ကို တစ်ခန်းထားတယ်။ မနက်စာ၊ နေလယ်စာ၊ ညစာတွေ စားချိန်ဆိုရင် အောက်ကိုလာယူဖို့ခေါ်တယ်။ အရမ်းကို သေသေချာချာလေးကို စီစဉ်ပေးထားတာပါ။ ညီမတို့က အားလုံးအဆင်ပြေတယ်။ ညီမတို့ကို မနက်တစ်ခါ ညတစ်ခါ ကိုယ်အပူချိန်လာတိုင်းပေးတယ်။ စိတ်ပူစရာလည်း မလိုဘူးလေ“
ဆေးရုံမှာနေရတဲ့ ကျောင်းသားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မိသားစုနဲ့ဆက်သွယ်ဖို့ အင်တာနက်လူမှုကွန်ရက်၊ ဖုန်းတွေသာ အသုံးပြုခဲ့ကြရပါတယ်။
အိမ်ပြန်ခွင့်ရတဲ့သူ တစ်ယောက်ချင်းစီအတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့အကြောင်း ကျန်းမာရေး ထောက်ခံစာတွေ ရရှိခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်သွားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၆၂ ယောက်ကို မြန်မာအစိုးရက ဖေဖော်ဝါရီ ၂ ရက်ကလေယာဉ်နဲ့ သွားခေါ်ခဲ့ပေမယ့် ကျောင်းသား နှစ်ယောက်က ကိုယ်အပူချိန်မြင့်နေတာကြောင့် ကျန်နေခဲ့ရတာပါ။
သူတို့အပြင် မြန်မာနိုင်ငံမှာ မနေ့ညကအထိ စောင့်ကြည့်လူနာ ၃၅ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက ၂၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ဘူးလို့ ဓာတ်ခွဲခန်းအဖြေရထားတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကျန်တဲ့အထဲက ငါးယောက်ရဲ့ အဖြေကိုတော့ မရသေးဘဲ လေးယောက်ရဲ့ ဓာတ်ခွဲနမူနာကို ရည်ညွှန်းဓာတ်ခွဲခန်းကိုပို့ဖို့ စီစဉ်နေတုန်းဖြစ်ပါတယ်။
နစ်ကေးအေးရှန်းသတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဒီဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကို ရင်ဆိုင်ဖို့ပြင်ဆင်မှု အနည်းဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။