မြန်မာထိုင်း နယ်စပ်မျဉ်း တိုင်းတာရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်မည်
နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံနယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ်အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ က ဖော်ပြပါတယ်။
-
2013-09-17 -
-
-
နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ နယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ်အောင် နှစ်နိုင်ငံပူးတွဲဆောင်ရွက်သွားမယ် လို့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရဲ့ နှစ်နိုင်ငံ နယ်စပ်တိုင်းတာရေးဆွဲရေးအစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူထောက်ခံခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဒါ့ပြင် ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရေး၊ နယ်စပ်ကျော် မူးယစ်ဆေး မှောင်ခိုလုပ်ငန်းချေမှုန်းရေးတွေ ပူးတွဲဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာအောင် နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်မြှင့်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်က အလေးပေးပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ထားဝယ်စီမံကိန်းဟာ ထိုင်းနိုင်ငံအတွက် အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို ကုန်စည်တွေ တင်ပို့ဖို့အတွက် အဓိကဂိတ်တံခါးအဖြစ် ထိုင်းအစိုးရက ရှုမြင်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်းဒုကာကွယ်ရေးဝန်ကြီးတို့ နှစ်ဦးပြောဆိုခဲ့ကြတဲ့အသံဆိုပြီး ထွက်ပေါ်လာခဲ့တဲ့ အသံဖိုင်တစ်ခုမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအောင်မြင်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခရာကျတယ်လို့ ပြောဆိုထားပါတယ်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မနေ့က ထိုင်းခရီးစဉ်ဟာ အဲဒီအသံဖိုင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ထိုင်းခရီးစဉ်ဖြစ်ပါတယ်။