မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ ရမည့် ကဏ္ဍများစွာ ကျန်ရှိနေသေး
သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဆောင် ရွက်ချက်တွေအပေါ် အမေရိကန်သမ္မတ အိုဘားမားက အမွှန်းတင်ချီးကျုးဂုဏ်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံ ရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့တော့ ချီးကျုးဖို့စောနေသေးတယ်လို့ နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2013-05-22 -
-
-
သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပေါ် အမေရိကန်သမ္မတ အိုဘားမားက အမွှန်းတင် ချီးကျုးဂုဏ်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့တော့ ချီးကျုးဖို့စောနေသေးတယ်လို့ နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်မှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရ တက်လာပြီးတဲ့နောက် အရင်စစ်အစိုးရလက်ထက် ဖမ်းဆီးထောင်ချထားခဲ့တဲ့ သတင်းထောက်တွေအားလုံး ပြန်လွှတ်ပေးခဲ့ပြီး၊ အင်တာနက် ဆက်သွယ်ရေးအပေါ် ဖိနှိပ်ထားတွေကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ အမြင်သာဆုံးကဏ္ဍဟာ သတင်းမီဒီယာလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းမှာတော့ မမြင်သာတဲ့ ထိန်းချုပ်မှုတွေရှိနေပါတယ်။ အဲဒီမူကြမ်းမှာ လက်ရှိဥပဒေတွေကို မဝေဖန်နိုင်အောင်လုပ်ထားတဲ့ လမ်းညွှန်မှုတွေအပါအဝင် ေ၀ဝါးပြီး၊ မတိကျလှတဲ့ စည်းကမ်းတွေဟာ စာနယ်ဇင်းသမားတွေကို ဖိနှိပ်ထောင်ချပစ်နိုင်တဲ့ အရင်ကဥပဒေတွေအပါအဝင် တရားဥပဒေပြုပြင်ပြောင်းလဲရေး ရှေ့မရောက်ဘဲ ဖင့်နှေးနေတာကို ပြသနေပါတယ်။
အဲဒီဥပဒေမူကြမ်းကို မတ်လအတွင်း ဥပဒေအဖြစ် တည်ပြုနိုင်အောင် အစိုးရဝန်ကြီးတွေက ကြိုးပမ်းခဲ့ကြပေမယ့် သတင်းထောက်တွေနဲ့ စာနယ်ဇင်းအဖွဲ့တွေရဲ့ ခုခံမှုတွေကြောင့် ဇွန်လမှာဆုံးဖြတ်ဖို့ ဖြစ်သွားခဲ့ပါတယ်။ တကယ်လို့ အဲဒီဥပဒေမူကြမ်း လက်ရှိအတိုင်း အတည်ဖြစ်သွားမယ်ဆိုရင်၊ သတင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းသမားများ ကာကွယ်ရေးအတွက် မြန်မာ့စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေမူကြမ်း ထိခိုက်သွားလိမ့်မယ်လို့ မြန်မာသတင်းသမားတွေ ယုံကြည်နေကြကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ပြောဆိုပါတယ်။
အလားတူ နယူးယောက်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း မြန်မာနိုင်ငံမှာ ဆောင်ရွက်စရာတွေ အပြီးမသတ်သေးပဲ လုပ်စရာတွေအများအပြား ကျန်ရှိနေဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ စိတ်ချယုံကြည်ရမှု စတာတွေ ပေါ်ပေါက်မလာသေးကြောင်း၊ မြန်မာနိုင်ငံရဲ့ လတ်တလောအချိန်ဟာ သမ္မတ အိုဘားမားအတွက်ရော၊ အမေရိကန်အစိုးရအတွက်ပါ ရည်ရွယ်ထားတဲ့လုပ်ငန်း ပြီးမြောက်အောင်မြင်သွားပြီဆိုတဲ့ အခိုက်အတန့်မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။