ရိုဟင်ဂျာလူငယ် သေနတ်ပစ်ခံရတဲ့ကိစ္စ ချက်ချင်းဆွေးနွေးဖို့ လိုကြောင်း မြန်မာတိုက်တွန်း
ရိုဟင်ဂျာ လူငယ်တစ်ဦး သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေ အကြား အလံတင်အစည်းအဝေး ချက်ချင်းခေါ်ယူပြီး ဆွေးနွေးဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။
-
2018-11-10 -
-
-
Your browser doesn’t support HTML5 audio
ရိုဟင်ဂျာ လူငယ်တစ်ဦး သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေအကြား အလံတင်အစည်းအဝေး ချက်ချင်းခေါ်ယူပြီး ဆွေးနွေးဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က Daily Star သတင်းစာပါ ရေးသားဖော်ပြချက်ဟာ ဒုက္ခသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် မအောင်မြင်အောင်နဲ့ နှောင့်နှေးကြန့်ကြာစေတဲ့ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က RFA ကို ပြောပါတယ်။
နွားကျောင်းနေတဲ့ အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦးကို မြန်မာနိုင်ငံ ရေမောင်ခလီ လုံခြုံရေးစခန်း ဘက်က သေနတ်နဲ့ ၁၇ ချက် ပစ်ခတ်ခဲ့တယ်ဆိုပြီး AFP သတင်းဌာနရဲ့ သတင်းကို Daily Star သတင်းစာမှာ ထပ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တွေ့ဆုံကန့်ကွက်ခဲ့ပါတယ်။ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြန်မာသံအမတ်က ပြန်လည်ဖြေရှင်းခဲ့ရကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလိုသတင်းအချက်အလက် မသေချာတဲ့ ကိစ္စတွေကို တေ့ွဆုံဆွေးနွေးခြင်းမရှိဘဲ ကန့်ကွက်ပြောဆိုတာဟာ မဖြစ်သင့်ကြောင်း ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ကို ထောက်ပြီး မြန်မာအစိုးရဘက်မှာ မကြာခင် စတင်တော့မယ့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရှိတယ်ဆိုပြီးလည်း မြန်မာအစိုးရက တဆက်တည်းပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်အရေးကို မြန်မာနိုင်ငံရဲ့ ရေရှည်ပြဿနာ တစ်ခုအဖြစ် ပုံဖော်ချင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က ပြောလိုက်ပါတယ်။
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်တော့မယ့်အချိန်မှာ အထင်အမြင်လွဲမှားစေတဲ့ သတင်းတွေ အချိန်ကိုက် ထွက်ပေါ်နေတာကြောင့် မြန်မာအစိုးရဘက်က သတိထားကိုင်တွယ် ဆောင်ရွက်နေရတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က RFA ကို အခုလိုပြောပါတယ်။
"သတိထားရတာတော့ အခုက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်က စမယ့်အချိန်ဖြစ်နေတော့ ပိုပြီးတော့ သတိထားဆောင်ရွက်ရတာပေါ့။ ဒီလိုစခန်းတွေမှာလည်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် မအောင်မြင်အောင် တနည်းအားဖြင့် ဒါကို ရေရှည်ပြဿနာတစ်ခုလိုဖြစ်အောင် လုပ်ချင်တဲ့ ပုံဖော်ချင်တဲ့ အဖွဲ့အစည်းတွေ လူတွေရှိနေတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ သတိထားပြီး ဆောင်ရွက်ရမှာပေါ့"
နိုဝင်ဘာလလယ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ၂၂၀၀ ကျော်ကို ပထမအသုတ်အနေနဲ့ မြန်မာအစိုးရဘက်က ပြန်လည်လက်ခံတော့မှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် မအောင်မြင်အောင် ဘယ်လိုလူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ဆန္ဒရှိတာလဲဆိုတာကိုတော့
"အဲဒီနေရာမှာ တကယ်ဖြစ်ပွားနေချိန်မှာ လက်နက်ကိုင်ထားတာက မြန်မာ့တပ်မတော်တစ်ခုတည်း မဟုတ်ဘူး။ အာဆာလည်းရှိတယ်၊ AA လည်းရှိတယ်၊ ပြီးရင် လူကုန်ကူးတဲ့ဂိုဏ်းတွေ၊ မူးယစ်ဂိုဏ်းတွေလည်း ရှိတယ်။ တစ်ယောက်ချင်းစီရဲ့ စည်းရုံးလှုံ့ဆော်နေတာတွေလည်း ရှိနိုင်တယ်။ တကယ်တော့ အဲဒီနေရာမှာ လက်နက် ထုတ်လုပ်တဲ့စက်ရုံလည်းရှိတယ်။ အဲဒီနေရာရဲ့ အခြေအနေကတော့ နှစ်နိုင်ငံကြားက ဖြစ်ပွားနေတဲ့ ပြဿနာလည်း ပြေလည်ပြီး ဒီမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေရပြီး အခြေကျသွားမှာကို မလိုလားနိုင်တဲ့သူတွေရှိတယ်ဆိုတာ ငြင်းလို့မရဘူးလေ။ ဘာမဆိုဖြစ်နိုင်တာပေါ့နော်"
UEHRD ရဲ့ ‘နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့’ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ပြောသွားတာပါ။
ဒါ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာတွေမှာ နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေအနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လိုအပ်ကြောင်း၊ အစိုးရနဲ့ လွှတ်တော်ကလည်း တရားဥပဒေစိုးမိုးမှုရှိအောင်၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်နေကြောင်း ဒေါ်ပြုံးကေသီနိုင် က ပြောပါတယ်။
ဒုက္ခသည် နေရာပြန်လည်ချထားရေးနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို စိုးရိမ်ပြီး ကန့်ကွက်တာတွေ လည်း ရှိနေပါတယ်။
မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်လာမယ်ဆိုရင် မောင်တော တောင်ပိုင်းနဲ့ ရသေ့တောင်မှာ နေရာမချဖို့ ရခိုင်ဒေသခံတွေက ဆန္ဒရှိနေသလို ရခိုင်ပြည်နယ် လွှတ်တော်ကလည်း အစိုးရကို တိုက်တွန်းထားပါတယ်။
ဒါပေမယ့် ဒီလိုတောင်းဆိုတာဟာ အစိုးရရဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို လက်မခံတာမဟုတ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က အခုလိုပြောပါတယ်။
"အစိုးရဟာ နိုင်ငံတကာ ဖိအား သက်ရောက်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါကြောင့် ကျနော်တို့က လွှတ်တော်ထဲမှာ အဆိုတင်တာကတော့ မောင်တောမြို့နယ် တောင်ပိုင်းမှာ နေရာမချဘဲ မောင်တောမြို့နယ် မြောက်ပိုင်းဒေသမှာ အကြမ်းဖက်သမားတွေ ဝင်ရောက်ပြီး မချဉ်းကပ်နိုင်တဲ့နေရာတွေမှာ နေရာချပေးဖို့ အတွက်ပဲ တင်ပြထားတာရှိပါတယ်။ သူတို့ကို ပြန်လက်မခံနဲ့လို့ ကျနော်တို့ ရခိုင်ပြည်နယ်ထဲက ဘယ်အဖွဲ့အစည်းကမှ တားတာမတေ့ွဘူးခင်ဗျ"
တစ်ချိန်တည်းမှာလည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ စောလွန်းနေပြီး ဒုက္ခသည်တွေဘက်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေက ဘာတွေလဲဆိုတာကို ကုတုပလောင် ဒုက္ခသည်စခန်းက ဦးအောင်မြိုင် က အခုလိုပြောပါတယ်။
"စိုးရိမ်ပူပန်မှုက သတ်ပစ်ခံရတာမျိုး ဒါမျိုးနောက်နောင်မဖြစ်အောင်ပေါ့ အဓိကလုံခြုံရေးပေါ့။ ပြန်ဖို့အတွက် အကုန်လုံးက ချက်ချင်းပြန်ချင်တယ်ပဲ ပြောကြတယ်။ ဒါပေမဲ့ နောက်နောင်ဒါမျိုးမဖြစ်ပွားအောင် တောင်းဆို ထားတာတွေရှိတယ်။ ဒီဟာအပြည့်အ၀ ကျနော်တို့ ရမှ ပြန်မယ်၊ နည်းနည်းဒုက္ခခံရရင်လည်းလေ။ အဲဒီဘက်က ကျနော်တို့အိမ်တွေကို ပြန်ပြီးဆောက်ပေးတာတို့ ဘာတို့မတေ့ွရဘူး"
ဒုက္ခသည်တွေကို နေရပ်မပြန်အောင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ မပါဝင်အောင် တားဆီးပိတ်ပင်တာတွေ ခြိမ်းခြောက်တာတွေ မရှိဘူးလို့ ဦးအောင်မြိုင် က ဆက်ပြောပါတယ်။
ဦးအောင်မြိုင်ဟာ မောင်တောမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံနေသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ကုတုပလောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုက္ခသည်တွေက သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုထားကြပါတယ်။
သူတို့ကို ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုဖို့၊ သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရဖို့၊ အစိုးရက အာမခံပေးနိုင်တဲ့ ဘေးကင်းလုံခြုံရေးရဖို့၊ လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ကို တောင်းဆို ထားကြပါတယ်။
ဒီတောင်းဆိုချက်တွေ မရရင် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။
မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်အောင် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အခက်အခဲတွေရှိလာရင် နိုင်ငံတကာအဖဲ့ွအစည်းတွေရဲ့ ပါဝင်ကူညီမှုတွေ ရယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။