ရောင်းစားခံရတဲ့ မြန်မာ ၁၄ ဦး ထိုင်းနိုင်ငံမှာ ကယ်ဆယ်နိုင်ခဲ့

ထိုင်းနိုင်ငံက ထိုင်းငါးဖမ်းလှေတစ်စီးပေါ် ကို လူကုန်ကူးသူတွေက ရောင်းစားခံခဲ့ ရတဲ့ မြန်မာပြည်သား ၁၄ ဦးကို မနေ့ညနေ က ထိုင်းအထူးရဲတပ်ဖွဲ့ DSI၊ ထိုင်းနိုင်ငံရောက် မြန်မာပြည် သားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ထိုင်းငါးဖမ်းလှေတစ်စီးပေါ်ကို လူကုန်ကူးသူတွေက ရောင်းစားခံခဲ့ရတဲ့ မြန်မာပြည်သား ၁၄ ဦးကို မနေ့ညနေက ထိုင်းအထူးရဲတပ်ဖွဲ့ DSI၊ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံသား ၁၄ ဦးဟာ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊  မင်းပြား၊ ကျောက်ဖြူမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ချင်းငုတ်ကျေးရွာအုပ်စု ရေဖြူကျေးရွာတို့က ဖြစ်ကြပြီး သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ်ချ်ဘူရီခရိုင် ချာအမ်မြို့ လှေဆိပ်က ချိုစလီနာဝါဆိုတဲ့ လှေနှစ်စီးတွဲပေါ်ကနေ ကယ်တင်နိုင်ခဲ့တာလို့ လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး MAT တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

လူကုန်ကူးခံရသူတွေဟာ  အဲ့ဒီလှေကပိုက်ဆရာ အမြင့်ထံတစ်ဦးကို ဘတ်ငွေ ၁၄၀၀၀နဲ့ ရောင်းစားခံခဲ့ရတာဖြစ်ပြီး  သူတို့ကိုကယ်တင်နိုင်ခဲ့ပုံကို ဦးကျော်သောင်းက အခုလိုပြောပါတယ်။

“ကုန်ခဲ့တဲ့အရင် ၁၀ ရက်လောက်ကတည်းက ကျနော်တို့ဆီကိုလှမ်းပြီးတော့ အကူအညီတောင်းခဲ့တယ်၊ အဲဒါကို ကျနော်တို့က အချက်အလက်အပြည့်အစုံနဲ့ အလုပ်သမားတွေ လှမ်းပြီးတော့ပြောပြတဲ့ အသံဖိုင်တွေနဲ့ ကျနော်တို့ ထိုင်း DSI တို့ UNIAP တို့ကို လှမ်းပြီးတော့မှ အကြောင်းကြားခဲ့တယ်၊ မနေ့ကမှ သူတို့ဝင်လာပြီ ရောက်ပြီဆိုတာကို အဲဒီကို မင်းမင်းဆိုတဲ့ အလုပ်သမားကကြိုပြီးတော့ ကျနော်တို့ ရောက်နေပြီပြောတာနဲ့ မနက်သူ ၉ နာရီ ၁၀ နာရီလောက်မှာ လှမ်းပြီးတော့ အကြောင်းကြားတာ ၅ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ အောင်အောင်မြင်မြင် ခေါ်တင်နိုင်ခဲ့တယ်ပေါ့”

ဒီလူတွေကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ကတည်းက ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ကြံတောအရပ်က မဝင်းဆိုသူက ပိုက်ဆရာအမြင့်ကို ပို့ပေးခဲ့တာဖြစ်ပြီး၊  မဝင်းကိုတဆင့်ခံ ပို့ပေးသူကတော့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းဆုံကျေးရွာက ဒေါ်သန်းဝေဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

ချင်းငုတ်ရွာသား ၃ ဦးကတော့ သူတို့ရွာနေ မနော်ရိုးဆိုသူ အမျိုးသမီးကနေတဆင့် ဘုရားသုံးဆူလမ်းက ရောက်ရှိလာခဲ့တာလို့  ချင်းငုတ်ရွာသား ကိုမင်းမင်းက ပြောပါတယ်။

“ကျနော် ဘုရားသုံးဆူလမ်းက လူအယောက် ၃၀ ကျော် ဒီရောက်တော့ အကုန်ကွဲသွားတာပေါ့၊ တဖွဲ့ထဲက ကျနော်တို့ ၃ ယောက်ပဲရှိတယ်၊ သုံးဆူ ကြံတောက မဝင်း၊ ပွဲစားနဲ့ ကျနော်လာတယ်၊ ပွဲစားက သူ့ကြွေးကျေမှ ကျန်တဲ့နေရာပို့မယ်တဲ့၊ ကျနော့်ကိုလှေပဲချတယ်။ ၃ လပဲလုပ်စားရမယ် ၃ လလုပ်ပြီးရင် ကမ်းကိုတင်ပေးမယ်ဆိုပြီးတော့ အခုကြတော့ သူတို့ပြောသလို မဟုတ်တော့ဘူးလေ ဒီရောက်တော့ အကုန်လုံးကျနော်အညာခံရမှန်း သိသွားတယ်”

လတ်တလောမှာတော့ ချိုစလီနာဝါ ငါးဖမ်းလှေက  ပိုက်ဆရာနဲ့ လှေပဲ့နင်းတို့ကို လူကုန်ကူးမှုနဲ့ ထိုင်းရဲက အမှုဖွင့်ထားပြီး၊ လူကုန်ကူးခံရသူတွေကိုတော့ ပထုံဌာနီခရိုင်က ပြန်လည်ပြုပြင်ရေးစခန်းကို ဒီကနေ့ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org