မြန်မာအလုပ်သမား ၁၀၀ ခန့် မလေးရှားနဲ့ ထိုင်းနယ်စပ်မှာ ဖမ်းခံရ

မလေးရှားနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့ မြန်မာအလုပ်သမား အယောက် ၁၀၀ လောက် မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင်တွေက ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကွာလာလမ်ပူ စီးတီးစင်တာကို တွေ့ရစဉ် .

မလေးရှားနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့ မြန်မာအလုပ်သမား အယောက် ၁၀၀ လောက် မလေးရှား-ထိုင်းနယ်စပ် မှာ ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင် တွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလနီးနေတာကြောင့် နယ်စပ်ဂိတ်တွေကနေ တရားမဝင်ပြန်နေတဲ့ သူတွေကို မလေးရှားရဲတွေက ဖမ်းနေတာဖြစ်တယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဦးသီဟမောင်မောင် က ပြောပါတယ်။

"အခုဒီရက်ထဲမှာ တောက်လျှောက်ပေါ့။ ဒီနယ်စပ်က စစ်ဆေးရေးဂိတ်တွေပေါ့နော်။ မြန်မာနိုင်ငံကို အောက်လမ်း ကနေ ပြန်ကြတယ်ပေါ့နော်။ ထိုင်းကနေ လှည့်ပြန်ကြတယ်ပေါ့။ အဲဒီအပြန်လမ်းမှာ စစ်ဆေးရေးဂိတ်တွေနဲ့ မိပြီးတော့ အဖမ်းခံရတာပေါ့နော်။ ဒီရက်ကတော့ တောက်လျှောက်နယ်စပ်မှာ အဖမ်းခံနေရတာတွေရှိတယ်ပေါ့။ မလေးရှားက ရွေးကောက်ပွဲကလည်း အခု စတော့မယ်လေ။ အဲဒါကြောင့်မို့လို့ သူတို့နယ်စပ်တွေကို အရမ်း တင်းကြပ်ထားတယ်ပေါ့။ အဲဒါကြောင့်မို့လို့ အဖမ်းအဆီးတွေ အရမ်းများသွားတာပါခင်ဗျ"

ဒီလဆန်းလောက်ကစပြီး ဖမ်းဆီးနေရာ အခုချိန်ထိ အလုပ်သမား ၁၀၀ လောက် ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေဟာ စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြတဲ့သူတွေ များတယ်လို့ သိရပါတယ်။

တရားဝင်ပြန်ဖို့အတွက် CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လိုပါတယ်။ အဲဒီသက်သေခံ လက်မှတ်ရဖို့အတွက် စောင့်ဆိုင်းရချိန်က ၂ လခွဲ ၃ လလောက်ကြာတာကြောင့် တချို့အလုပ်သမားတွေက မစောင့်နိုင်ကြတာလို့ ဆိုပါတယ်။

တရားမဝင်လမ်းကြောင်းကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို ပြစ်မှုပြစ်ဒဏ်အလိုက် ထောင်ဒဏ် ၃ လ၊ ဒါမှမဟုတ် ၆ လအထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ထောင်ကထွက်လာပြီးတဲ့အခါ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ နေရမှာဖြစ်ပါတယ်။ အဲဒီတော့မှ မြန်မာသံရုံးုအနေနဲ့ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်အောင် ဆောင်ရွက်ပေးတာလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org