တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး ရွှေလီရဲစခန်းမှာ တောင်းဆို
တရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်မရှိဘဲ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက်က သူတို့နေရပ်ပြန်ခွင့်ရအောင် စီစဉ်ပေးဖို့ သြဂုတ်လ ၁၉ ရက် မနေ့ညပိုင်းက ရွှေလီမြို့၊ တာဆိုင်းကိုင်း၊ ရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုခဲ့ရာမှာ အာဏာပိုင်တွေရဲ့ ရိုက်နှက်မောင်းထုတ်ခံခဲ့ကြရတယ်လို့ စုဝေးတောင်းဆို ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
- 2021-08-20
-
-
-
တရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်မရှိဘဲ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့ မြန်မာနိုင်ငံ သား ၃၀၀ လောက်က သူတို့နေရပ်ပြန်ခွင့်ရအောင် စီစဉ်ပေးဖို့ သြဂုတ်လ ၁၉ ရက် မနေ့ညပိုင်းက ရွှေလီမြို့၊ တာဆိုင်းကိုင်း၊ ရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုခဲ့ရာမှာ အာဏာပိုင်တွေရဲ့ ရိုက်နှက်မောင်းထုတ်ခံခဲ့ကြရတယ် လို့ စုဝေးတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
စုဝေးတောင်းဆိုနေစဉ်အတွင်း တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံသားတွေရဲ့ ခရီးဆောင်အိတ်တွေကို ခြေထောက်နဲ့ကန်ပြီး မောင်းထုတ်ခံခဲ့တာဖြစ်သလို ဖုန်းနဲ့မှတ်တမ်းယူဖို့ လုပ်နေတဲ့ မြန်မာနိုင်ငံသား တစ်ဦးလည်း ရိုက်နှက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
နေရပ်ပြန်ဖို့ စုဝေးတောင်းဆိုသူတွေဟာ မနေ့ညက ရဲစခန်းရှေ့၊ လမ်းဘေးမှာပဲ အိပ်ခဲ့ကြရပြီး ဒီမနက်ပိုင်း မှာတော့ တရုတ်အာဏာပိုင်တွေက သူတို့ကို ရွှေလီအောက်ဈေးပန်းခြံနားမှာ စုခိုင်းပြီး စာရင်းတွေ ကောက်နေတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
တရုတ်အာဏာပိုင်တွေက သူတို့ကို ဗီဒီယိုမှတ်တမ်းတွေ မရိုက်ဖို့နဲ့ မီဒီယာတွေကို ပြောတာမလုပ်ဖို့ တားမြစ်ထားလို့ လုံခြုံရေးအရ သူ့ရဲ့နာမည်ကိုတော့ မပြောလိုဘူးလို့ ပြောပါတယ်။
လက်ရှိမှာ နေရပ်ပြန်ဖို့ စုဝေးနေသူ သုံးရာလောက်ရှိနေပြီး နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ရှိတဲ့သူနဲ့ မရှိသူတွေကို သီးသန့်ခွဲထားတယ်လို့လည်း ပြောပါတယ်။
ဒီနေ့ သြဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီအထိ သူတို့တွေ တန်းစီ စာရင်းပေးနေရဆဲဖြစ်ပြီး မြန်မာ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးကလည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။
မနက်ဖြန် သြဂုတ်လ ၂၁ ရက်နေ့မှာတော့ နေရပ်ပြန်ခွင့်ပေးမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြောင်း နောက်ထပ် အလုပ်သမားခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကို ပြီးခဲ့တဲ့နှစ်ထဲက ကိုရိုနာကပ်ရောဂါကြောင့် တရုတ်ဘက်က ပိတ်ထားပြီး လူဝင်၊ လူထွက်တွေကိုလည်း ကန့်သတ်ထားတာကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေဟာ ခိုးပေါက်တွေ ကနေ ပြန်နေကြရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ မြန်မာနယ်စပ်အာဏာပိုင်တွေက တောင်းဆိုတာကြောင့် မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်ကို တရုတ်က ပြန်ဖွင့်ပေးခဲ့လို မြန်မာလုပ်သား ငါးထောင်နီးပါး တရားဝင် ဂိတ်ပေါက်ကနေ ပြန်လာခွင့် ရခဲ့ပါတယ်။
လက်ရှိမှာ တရုတ်ဘက် နယ်စပ်ဂိတ်တွေကို ထပ်မံပိတ်ထားတာကြောင့် မြန်မာနိုင်ငံသား ခြောက်သောင်း ကျော် တရုတ်နိုင်ငံထဲမှာ ပိတ်မိနေပြီး တရားဝင် နေရပ်ပြန်ခွင့်ရရေးအတွက် ဂိတ်ပေါက်တွေ ဖွင့်ပေးဖို့ လို့ကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။