ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ သက်တမ်းထပ်တိုးခွင့်ရ
ကပ်ဘေးကာလ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ဆက်လက် နေထိုင်ခွင့်ရဖို့ သက်တမ်းတိုးပေးမယ်လို့ ထိုင်းအစိုးရက မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။
-
လုဆိုင်း
2020-08-15 -
-
-
ကပ်ဘေးကာလ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အပါအဝင် နိုင်ငံခြား သား ရွှေ့ပြောင်းအလုပ်သမားတွေ ဆက်လက် နေထိုင်ခွင့်ရဖို့ သက်တမ်းတိုးပေးမယ်လို့ ထိုင်းအစိုးရက မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာအလုပ်သမားအရေး လုပ်ဆောင်နေသူတွေကတော့ အလုပ်သမားတွေဟာ လုပ်အားခ သက်သာပြီး ကျွမ်းကျင်လုပ်သားတွေဖြစ်နေတာကြောင့် ဆက်လက်နေထိုင်ခွင့်ပေးတာဟာ အားလုံးအတွက် အကျိုးဖြစ် စေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြပါတယ်။
ထိုင်းမှာ အလုပ်ဆက်လုပ်လိုတဲ့ အလုပ်သမားတွေကို ဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေ ပေးသွားမှာ ဖြစ်ပါတယ်။
ကပ်ဘေးကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်လောက် နေရပ်ပြန်သွားချိန်မှာ ထိုင်း အစိုးရကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်စရာမလိုဘဲ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရအောင် သက်တမ်းတိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ နေထိုင်နေတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမားတွေကို နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်ဆက်လုပ်ခွင့်ရဖို့ တစ်နှစ်ကျော် ထပ်မံတိုးပေးမယ်လို့ သြဂုတ် ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Ms Rachada Dhnadired က နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်နဲ့ အခြားခရီးသွား လာခွင့် စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားသူတွေအတွက် အစိုးရက အောက်တိုဘာလကုန်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆက်လက်အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ သူတို့ဟာ ၆ သိန်းကျာ်ရှိတယ်လို့ သြဂုတ်လ ၅ ရက်နေ့က ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ကစပြီး အောက်တိုဘာ ၃၁ ရက်ထိ ထိုင်းအလုပ်ရှင်ကိုယ်တိုင် သက်ဆိုင်ရာ ခရိုင်အလုပ်သမား နေရာချထားရေးရုံးတွေမှာ အလုပ်သမားတွေရဲ့ အမည်စာရင်းတွေကို ပေးသွင်းရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းနေချိန်မှာ အလုပ်သမားလိုအပ်ချက်ရှိတာကြောင့် အခုလို သက်တမ်းတိုးပေးတာက ထိုင်းအစိုးရအနေနဲ့ အလုပ်ကျွမ်းကျင်တဲ့ မြန်မာလုပ်သားတွေကို လက်မလွှတ်ချင်တာလည်း အဓိကဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ ရှိနှင့်နေပြီးသား ကျွမ်းကျင်ရွှေ့ပြောင်း အလုပ်သမားတွေကို လက်မလွတ်ချင်တဲ့သဘောပေါ့။ ရွှေ့ပြောင်း အလုပ်သမားတွေ အများစုက မြန်မာတွေဖြစ်ပြီးတော့ လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်တို့လည်း ပါတာပေါ့။ သူတို့တွေက ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေပြီ။ ထိုင်းနိုင်ငံမှာ အခုလို ကိုဗစ်အကြပ်အတည်းကာလမှာ အလုပ်ပုံမှန်မရှိလို့၊ အလုပ်ရှင်ကနေ ဒေဝါလီခံလို့ အလုပ်ပြုပ်သွားတာ။ အလုပ်လက်မဲ့ဖြစ်သွားတာတွေ၊ အလုပ်ရှိတလှည့်၊ မရှိတလှည့် ဖြစ်နေတဲ့ အနေအထားတွေကို ထိုင်းအစိုးရက သဘောပေါက်တယ်။ အဲတော့ ဒီဈေးပေါတဲ့ ကျွမ်းကျင်လုပ်သားတွေကို လက်မလွတ်အောင်တခါတည်း ထိန်းချုပ်လိုက်တဲ့သဘောပဲ”
ထိုင်းအစိုးရက ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းကုန်သူ၊ အလုပ်လုပ်ခွင့် သက်တမ်းကုန်သူတွေကို ဇူလိုင်လကုန်ထိ နေထိုင်ခွင့်ပြုထားခဲ့ရာကနေ အခုထပ်မံ တိုးပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားရှားပါးမှုပြဿနာ အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ ထိုင်းစီးပွားရေးကို မြှင့်တင်တဲ့ သဘောသက်ရောက်တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမား မဟာမိတ်အဖွဲ့ AAC ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။
“ထိုင်းလုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို ဖြေရှင်းတယ်လို့ ကျနော်တို့ မြင်တာပေါ့နော်။ ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားရှားပါးမှု ပြဿနာကို ဖြေရှင်းတဲ့နည်းကတော့ နိုင်ငံခြားက အလုပ်သမားတွေ ရုတ်တရက် ဝင်လာဖို့ အခက်အခဲဖြစ်တဲ့အတွက် ထိုင်းမှာရှိနေတဲ့ တရားမဝင်ရှိနေတဲ့ အလုပ်သမားတွေ၊ ကျနော်တို့ ဗီဇာရှိရုံနဲ့ အလုပ်လုပ်ရတာ မဟုတ်ဘူး။ အလုပ်လုပ်ခွင့်ရှိမှာ အလုပ်လုပ်ရတာ။ ဒီမှာ စမွတ်စခွန်ခရိုင်က အလုပ်သမား တစ်သိန်းခွဲလောက်ရှိတယ်။ အဲဒီဟာကို ပြန်လုပ်ပေးမှာ”
အောက်တိုဘာလ ၃၁ ရက်နေ့ထိ သက်တမ်းတိုးမှု အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းလောက်ရှိပြီး လေးနှစ်ပြည့် MOU အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ပါမစ်ကို ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးတာကို ထိုင်းနိုင်ငံမှ တရားဝင် ခွင့်ပြုချက်ရရှိပါက မြန်မာနိုင်ငံကူး လက်မှတ်တွေကိုလည်း မြန်မာနိုင်ငံ အစိုးရက ထိုင်းနိုင်ငံထဲမှာဘဲ သက်တမ်းတိုးပေးဖို့ သီးခြားစီမံချက်တစ်ရပ်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသက်တမ်းတိုးပေးတာ စတင်ဆောင်ရွက်ပေးနိုင်မယ့် နေ့ရက်နဲ့ အစီအစဉ်ကို အချိန်နဲ့ တပြေးညီ ဘန်ကောက်မြို့ သံရုံးက ထပ်ကြေညာပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
ကိုဗစ်ကပ်ရောဂါ အန္တရာယ်ရှိနေပြီး ထိုင်းနိုင်ငံက အလုပ်ရုံတွေ ရပ်နားလိုက်တာကြောင့် မြန်မာအလုပ်သမားတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အခုထိ နေ့စဉ် နေရပ်ပြန်နေဆဲ ဖြစ်ပါတယ်။ သြဂုတ်လလယ်ထိ နေရပ်ပြန် မြန်မာလုပ်သမား တစ်သိန်း နှစ်သောင်းလောက် ရှိနေပါပြီ။
အလုပ်သမား လိုအပ်ချက်တွေကြောင့် ရွှေ့ပြောင်းလုပ်သား တစ်သိန်း တစ်သောင်းကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့် ပြုမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့အတွက် ပြန်လည်ဝင်ရောက်ဖို့ စီစဉ်နေတဲ့ အလုပ်သမားတွေလည်း ရှိနေပါတယ်။