ဝူဟန်ရောက် မြန်မာအလုပ်သမားတစ်ရာကျော်ကို တရုတ်ရဲကူညီထား

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာ အလုပ်သမား တစ်ရာကျော်ကို တရုတ်အာဏာပိုင်တွေက ခေါ်ယူထားပြီး တည်းခိုခန်းတစ်ခုမှာ စုစည်းထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ ဆေးဖြန်းနေသူတဦးကို တွေ့ရစဉ် AFP Photo

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ကို တရုတ်အာဏာပိုင်တွေက ခေါ်ယူထားပြီး တည်းခိုခန်းတစ်ခုမှာ စုစည်းထားပါတယ်။

ဝူဟန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သလို၊ သေဆုံးမှုနှုန်းလည်းများပါတယ်။ ဒါကြောင့် တရုတ်အာဏာပိုင်တွေက ဝူဟန်မြို့ကို တခြားမြို့တွေနဲ့ အဆတ်ဖြတ်ထားပါတယ်။ အဲဒီမှာပိတ်မိနေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ နေရပ်ပြန်ရေးက မရေရာတဲ့အခြေအနေပါ။   

အဲဒီတည်းခိုခန်းမှာရှိနေတဲ့ မြန်မာလုပ်သားတွေနဲ့ RFA က ဒီကနေ့ အဆက်အသွယ်ရပါတယ်။ အဲဒီတည်းခိုခန်း မှာရှိနေတဲ့ ရှမ်းပြည်နယ်က ကိုထွန်းထွန်းနိုင်က စည်ကားနေတဲ့  ဝူဟန်မြို့ဟာ ဗိုင်းရပ်စ်ကြောင့် ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ လူတွေ အပြင်မထွက်ကြတော့ဘူးလို့ ပြောပါတယ်။

ကချင်အမျိုးသမီး မဒန်ဒင်း ကလည်း  တရုတ်အာဏာပိုင်တွေကတော့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီး ထိန်းသိမ်းတာမဟုတ်ဘဲ၊ ရောဂါကူးစက်မခံရအောင် ခဏသီးခြားခေါ်ယူထားတာလို့ ရှင်းပြကြောင်း သူက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက တစ်ရက်တစ်ကြိမ် ကိုယ်အပူချိန်တိုင်း  ကိရိယာတွေနဲ့ လာတိုင်းတယ်လို့  မဒန်ဒင်းက ဆက်ရှင်းပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အိမ်တွေကိုဆိုရင် အစားအသောက်ပို့တာကအစ တရုတ်ကျန်းမာရေးဝန်ထမ်းတွေ က စက်ရုပ်တွေ အသုံးပြုတာရှိတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို ထားရှိတဲ့ တည်းခိုခန်းက ဟူဘေးပြည်နယ် ဝူဟန်မြို့ငယ်လေးတစ်ခုမှာပါ။ တရုတ်စာ မတတ်တဲ့အတွက် ဘယ်မြို့ဆိုတာကို ကောင်းကောင်းရှင်းမပြနိုင်ကြပါဘူး။ မြန်မာနဲ့တရုတ်နှစ်နိုင်ငံ အလုပ်သမား ကိစ္စ တရားဝင်လက်မှတ်ရေးထိုးထားတာမရှိပါဘူး။ ဒါကြောင့် တရုတ်မှာအလုပ်လုပ်တဲ့ မြန်မာအများစုက တရား မဝင်လုပ်သားအဖြစ် သတ်မှတ်ခံရပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ  မြန်မာသံရုံးကတော့ အလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးအတွက် အချက်အလက်တွေစုစည်း ပြီး တရုတ်အာဏာပိုင်တွေကို အကူအညီတောင်းခံကြဖို့ လှုံ့ဆော်ထားပါတယ်။ မတ်လ ၂ ရက်နေ့အထိ မြန်မာ နိုင်ငံသို့  ၁၅၄ ဦး ပြန်ပို့နိုင်ခဲ့ပြီဖြစ်တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တစ်နိုင်ငံတည်းမှာ သေဆုံး သူ ၃၁၀၀ ကျော် ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org