ကိုရိုနာကာလမှာ အလုပ်လက်မဲ့ ခြောက်သောင်းကျော်ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ရောဂါအပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းရပြီး အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတချို့ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

ကိုရိုနာဗိုင်းရပ်စ်ရောဂါအပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းရပြီး အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့အတွက် အလုပ်သမားအများစု သူတို့ရဲ့စားဝတ်နေရေး အကြပ်အတည်း ကာလကို ဖြတ်သန်းနေရပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး  မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့အချိန် လပိုင်းပဲ ရှိနေသေးပေမယ့် အခြေခံလူတန်းစား စက်ရုံလုပ်သားတွေမှာတော့ စားဝတ်နေရေးဆိုတဲ့ အကြပ်အတည်း ရင်ဆိုင်နေရပါပြီ။

အကြောင်း အမျိုးမျိုးကြောင့် စက်ရုံအများအပြား ပိတ်လိုက်ရတာကြောင့် အလုပ်သမား ခြောက်သောင်းကျော် ကတော့ အလုပ်လက်မဲ့ဖြစ်သွားပြီလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အလုပ်သမားတွေအတွက် လူမှုဖူလုံရေးထောက်ပံ့မှုအပိုင်းကို အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အပိုင်း နှစ်ပိုင်းနဲ့ ကူညီပေးသွားဖို့  ညှိနှိုင်းဆောင်ရွက်သားမယ်လို့  ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေဟာ မူလနေထိုင်ရာဒေသတွေကို မပြန်နိုင်ကြသေးတဲ့ကာလမှာ ဝင်ငွေရှိတဲ့အတွက် အိမ်ငှားမနေနိုင်ကြတော့ဘူးလို့ လှိုင်သာယာစက်မှုဇုံက အလုပ်သမား မသန်းသန်းစိုးက ပြောပါတယ်။

ဧရာဝတီတိုင်း မြောင်းမြကနေ ရန်ကုန်မှာအလုပ်လာလုပ်တဲ့ မဝေဝေအောင်က အလုပ်နားလိုက်ရတဲ့ အချိန်ကစပြီး နေ့စဉ်စားသောက်ဖို့အတွက် ငွေချေး၊ အကြွေးဝယ်စားပြီး နေနေရတယ်လို့ ပြောပါတယ်။

ရပ်ကွက်တွေအတွင်း အစိုးရကထောက်ပံ့တဲ့ ပစ္စည်းတွေကိုလည်း မရသလို ထောက်ပံ့ရေးပစ္စည်း ဝေငှသူတွေ ဟာလည်း သူတို့နေထိုင်တဲ့ လှိုင်သာယာ စမ်းချောင်းရပ်ကွက်ကို မရောက်ဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်စက်မှုဇုံနဲ့ ကန်ကြီးထောင့်စက်ရုံအပါအဝင် စက်ရုံ ကိုးရုံက အလုပ်သမား တစ်သောင်းခွဲ ထဲက လေးထောင်ကျော် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

ဧရာဝတီတိုင်းအတွင်းက အလုပ်သမားတွေကို အားပေးထောက်ပံ့မယ့်သူ မရှိဘူးလို့ အလုပ်သမားအချင်းချင်း ရိုင်းပင်ကူညီပေးရေးအဖွဲ့ LHEO အငြင်းပွားရေး ဖြေရှင်းမှု တာဝန်ခံ မခခက ပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံ ပုသိမ်စက်မှုဇုံက စက်ရုံ ရှစ်ရုံကို ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂ EU ကနေ ယူရို ငါးသန်း ကူညီပေးသွားမှာဖြစ်ပြီး အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အချက်အလက် ကောက်ယူပေးပြီး Wave Money ကနေ တိုက်ရိုက်ငွေလွှဲပေးမှာ ဖြစ်ပါတယ်။

လာမယ့် မေလမှာ အလုပ်သမားတွေဆီကို ပေးနိုင်အောင်လုပ်ဆောင်နေတယ်လို့ CTUM ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်မယ့် စက်ရုံတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအရ အလုပ်လာဆင်းသူ တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှသာ စက်ရုံဖွင့်လှစ်ရမယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ထုတ်ဖော်ပြောကြားချက်အရ အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ သိရပြီး ပိတ်သိမ်းရတဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း အရေအတွက်ကိုတော့ အစိုးရနဲ့ အလုပ်သမားအရေး လုပ်ဆောင် ပေးနေသူတွေက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍက အလုပ်သမား ခုနှစ်သိန်းထဲက သုံးသောင်းခွဲလောက်ဟာ လစာမရဘဲ အလုပ်နားရမယ့် အခြေအနေ ရှိနေပါတယ်။ EU ရဲ့ အရေးပေါ်ရန်ပုံငွေထဲက ရှစ်သောင်းကျော်ကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အခြားသော လုပ်ငန်းစုတွေနဲ့ အခြေခံလူတန်းစားတွေ အတွက်လည်း ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ EU က ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org