EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွားလည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။
-
2014-03-09 -
-
-
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။
ဒါပေမဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂံဒေသဟာ အခုထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အသိအမှတ်ပြု မခံရသေးဘဲ ရှိနေပါတယ်။ ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုကို ပထမအကြိမ် တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပုဂံဘုရားတွေကို ထိန်းသိမ်းပြုပြင်ရာမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ၊ မူလလက်ရာတန်ဖိုးတွေ ဆုံးရှုံးကုန်တဲ့အတွက် ယူနက်စကိုက ပယ်ချခဲ့ပါတယ်။
စစ်အစိုးရလက်ထက်က ပုဂံ ဘုရားတွေကို ပြုုပြင်ခဲ့ရာမှာ ဘုရားတစ်ဆူလုံးကို အသစ်ပြန်ပြင် ရွှေချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပုဂံဂေါက်ကွင်း စတာတွေကြောင့် ပုဂံရဲ့တန်ဖိုးကျဆင်းရတယ်လို့ သုတေသီတွေက ဆိုပါတယ်။