ရက္ခိုင့်တပ်မတော်ဖလား ဘောပွဲကျင်းပမှု မြောက်ဦးမြို့ခံတစ်ဦး ဖမ်းဆီး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း အက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး ကိုအမ်းသားကြီး ဆိုသူကို မတရားအသင်းပုဒ်မ ၁၇ (၁) (၂) နဲ့ မနေ့က ဖမ်းဆီးခဲ့ပြီး ဒီနေ့ မြောက်ဦးမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။
- 2017-10-16
-
-
-
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း အက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး ကိုအမ်းသားကြီး ဆိုသူကို မတရားအသင်းပုဒ်မ ၁၇ (၁) (၂) နဲ့ မနေ့က ဖမ်းဆီးခဲ့ပြီး ဒီနေ့ မြောက်ဦးမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။
မနေ့ညနေပိုင်းက မြတန်ဆောင်းဘုန်ကြီးကျောင်းမှာ ရဲနဲ့တပ်အင်အား ၅၀ ခန့်က လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။
"မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ မြတန်ဆောင်းဘုန်းကြီးကျောင်းမှာ ရှိတဲ့အခိုက်ပေါ့၊ တပ်ရယ်၊ ရဲရယ်၊ အင်အား ၅၀ ခန့်လာပြီးတော့ ဝိုင်းဖမ်းတာပါခင်ဗျ၊ ဒီနေ့ မြောက်ဦးမြို့နယ် တရားရုံးမှာ တရားစွဲတင်တယ်၊ ကျနော်ပါဝါတင်ပေးလိုက်တယ်၊ ပြီးတော့ မြောက်ဦးမြို့နယ်ရဲစခန်းကနေ လုံခြုံရေးအင်းအားနည်းပါတယ် ဆိုပြီးတော့ စစ်တွေထောင်ကိုပို့ဖို့ လျှောက်တဲ့အတွက် အခုသူ့ကို စစ်တွေထောင်ကို ယူသွားပါတယ်ခင်ဗျ"
ရက္ခိုင့်တပ်မတော် AA ၈ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသားတွေအတွက် ဘောလုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က စတင်ကျင်းပခဲ့သလို တေးဂီတဖျော်ဖြေပွဲနဲ့ စာပေဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မတရားအသင်းအက်ဥပဒေနဲ့ မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက တရားစွဲဆို ခဲ့တာကြောင့် ဦးဆောင်သူတွေဖြစ်တဲ့ မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို ဧပြီလ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး သြဂုတ်လတုန်းက မြောက်ဦးမြို့နယ်တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးအမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ ဖမ်းဆီးခံရပြီးနောက် ကိုအမ်းသားကြီးက ဘောလုံးပွဲကို ဆက်လက်ဦးစီးပြီး ကျင်းပခဲ့တဲ့အတွက် ပြီးခဲ့တဲ့မေလကတည်းက အမှုဖွင့်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းအက်ဥပဒေပုဒ်မနဲ့ အမှုရင်ဆိုင်နေရစဉ်အတွင်း ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပြီးခဲ့တဲ့ဇွန်လက အစိုးရက ပိတ်သိမ်းခဲ့ပါတယ်။
ကိုအမ်းသားကြီးအမှုကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုံးချိန်းချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။