မြောင်နဲ့ ကနီမြို့နယ် ရွာကိုးရွာက အိမ် ၁၇၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ မေလ ၁၉ ရက်နဲ့ ၂၀ ရက် ဒီနေ့ အချိန် နှစ်ရက်အတွင်း ရွာကိုးရွာက နေအိမ် ၁၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
- 2022-05-20
-
-
-
စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ မေလ ၁၉ ရက်နဲ့ ၂၀ ရက် ဒီနေ့ အချိန် နှစ်ရက်အတွင်း ရွာကိုးရွာက နေအိမ် ၁၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၉ ရက် မနေ့က မြောင်မြို့နယ် ရွာပုလဲ၊ ညောင်ကာယား၊ ပေါက်ချောင်း၊ ကူးတို့ကုန်း စတဲ့ ကျေးရွာလေးရွာက နေအိမ် ၇၅ လုံးနဲ့ ကနီမြို့နယ် မုဌောတောတိုက်၊ ငါးဖျက်တောတိုက်နဲ့ နတ်ကြီး စတဲ့ ရွာသုံးရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရသလို မေလ ၂၀ ရက် ဒီနေ့မှာလည်း ကနီမြို့နယ်အတွင်းက ဝက်ချောင်းကြီးနဲ့ ရွာသာရွာတွေမှာ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး အခုမီးရှို့ခံရတဲ့ရွာတွေဟာ စစ်တပ်က အထိနာတဲ့နေရာအနီးက ရွာတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်သားတွေက အရပ်ဝတ်တွေ အများစုဝတ်တယ်။ စစ်ကြောင်း နှစ်ခုနဲ့ ထိုးနေတယ်။ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းမှာ ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့ အထိနာရင် အဲဒီနားကရွာကို မီးရှို့တယ်။ ဒီမနက်လည်း ချောင်း၀ကြီး၊ မြသိန်းတန်နဲ့ ဝက်ချောင်းကြီးရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ဒေသခံတွေ ရှောင်နေရတယ်"
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ခုနဲ့ ကနီမြို့နယ်ထဲမှာ စစ်ဆင်ရေး ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေကို စစ်တပ်က မီးရှို့တယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီး PDF အဖွဲ့တွေက ကျူးလွန်နေတာလို့ တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ ဒေသခံတွေကတော့ နေအိမ်တွေကို မီးရှို့တဲ့လုပ်ရပ်ကို စစ်ကောင်စီတပ်ဘက်က လုပ်ဆောင်နေတာလို့ ပြောဆိုကြပါတယ်။
မြောင်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က စစ်ဆင်ရေးဆောင်ရွက်နေတာပါ။ မြောင်မြို့နယ် အတွင်းမှာ ဒီနေ့ တိုက်ပွဲဖြစ်တာ မရှိပေမယ့် ပန်းညိုရွာဘက် ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒီနှစ်ရက်အတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံ ၅၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။