မြောင်မှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေး

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် မတ်လ ၂၄ ရက်ကစလို့ ရွာခြောက်ရွာက အရပ်သားငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေသောကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာ ကြောင့် မတ်လ ၂၄ ရက်ကစလို့ ကျေးရွာခြောက်ရွာက အရပ်သား ငါးထောင် (၅၀၀၀) ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမဆေးကန်၊ လက်ယက်မ၊ လှေတင်ဦး၊ ဖွားစော၊ ကူးတို့ကုန်းနဲ့ ဆွဲလွဲအိုရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တစ်ရွာပြီးတစ်ရွာ ဝင်ရောက် စီးနင်းနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂၃ ရက်နေ့က တမဆေးကန်မှာ သူတို့က ညအိပ်တာ။ ၂၄ ရက်နေ့မှာတော့ တမဆေးကန်ကနေ လက်ယက်မရွာကို ဝင်တာပေါ့ဗျာ။ အင်အားက ၆၀ ကျော်ကျော် လောက်ရှိမယ်”

လောလောဆယ်မှာတော့ အဲ့ဒီစစ်ကြောင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိသေးဘူး လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ ကျေးရွာတွေကနေ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေသူတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွေကနေ ထောက်ပံ့နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့  ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org