မြဝတီမြို့နယ် မဲကနယ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

မြဝတီမြို့နယ် မဲကနယ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ Venom PDF တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြဝတီဒေသခံတွေက RFA ကိုပြောပါတယ်။

Venom PDF တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ VENOM Column

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲကနယ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ Venom PDF တပ်ဖွဲ့တို့ ဧပြီလ ၁၈ ရက် မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြဝတီဒေသခံတွေက RFA ကိုပြောပါတယ်။

ဧပြီလ ပထမပတ်ကတည်းက မဲကနယ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တာကြောင့် အဲဒီအနီးအနားက ဒေသခံတစ်ထောင်ကျော် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ မြို့ပေါ်ကို ထွက်ပြေးနေရတာပါ။

မြဝတီမြို့နဲ့ ခုနစ်မိုင်ခန့်ပဲဝေးတဲ့ အဲဒီရွာအနီးကတိုက်ပွဲကြောင့် လက်နက်ကြီးသံတွေကို မြဝတီမြို့ပေါ်အထိ ကြားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

"မနက်ကလည်း လက်နက်ကြီးသံတွေကြားရတယ်။ အခုနေ့ခင်းဘက်ကလည်း လက်နက်ကြီးသံ ကြားရတယ်။ ပစ်တာတော့ ပစ်နေကြတာပဲ။ ဒေသခံတွေကတော့ အရင်ကတည်းက နေရပ်မပြန်နိုင်ကြသေးတာ။ ဘုန်းကြီးကျောင်းနဲ့ မြို့ပေါ်မှာ ထွက်ပြေးကြတာ၊ အရင်ကတော့ အစားအသောက်တွေ ကူညီပေးကြတာရှိတယ်။ အခုတော့ လုံခြုံရေးအရသွားပြီး မကူညီနိုင်တော့ဘူး"

ဒီနေ့မနက်ပိုင်း မဲကနယ်ရွာအနီးမှာ Venom PDF စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က KNU ယူနီဖောင်းတွေ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးလာတယ်လို့ Venom Column ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"ဒီမနက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းနှစ်လောင်းနဲ့ သေနတ်နှစ်လက် ရထားတယ်ပေါ့နော်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ပြီးတော့ စစ်ကောင်စီတပ်သားတွေက KNU ယူနီဖောင်းတွေ ဝတ်ဆင်ထားတာကိုလည်း မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်"

မဲကနယ်တိုက်ပွဲမှာ Cobra စစ်ကြောင်း (၂) ရဲ့ Venom PDF နဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေခဲ့ပြီး အရင်ရက်တွေကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ တိုက်ပွဲပြင်းထန်နေတာကြောင့် အသေးစိတ်မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဦးစောခင်မောင်မြင့်ကတော့ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဖြေဆိုလေ့မရှိဘူးလို့ RFA ကို ဧပြီလ ဒုတိယပတ်အတွင်းမှာ ဖြေဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org