မြဝတီတိုက်ပွဲမှာ စစ်တပ်ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေဖော်ပြ
မြဝတီမှာ စစ်ကောင်စီတပ်သားတွေ ပုန်းခိုနေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဗိုလ်မှူးချုပ်စိုးမင်းထက် အပါအဝင် တပ်သားတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-04-21 -
-
-
မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းထက် သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
မြဝတီ အမှတ်(၂) ကုန်သွယ်ရေးတံတားနားမှာ စစ်ကောင်စီတပ်သားတွေ ပုန်းခိုနေတဲ့နေရာကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်စိုးမင်းထက် အပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးချုပ်စိုးမင်းထက်ရဲ့ အလောင်းကို မြန်မာပြည်ဘက်ပြန်သယ်ဖို့ စစ်ကောင်စီတာဝန်ရှိသူတွေဟာ ထိုင်းအာဏာပိုင်တွေကိုတောင်းဆိုနိုင်ပေမဲ့ အခုအချိန်ထိတော့ အသေးစိတ်မသိရသေးဘူးလို့ သတင်းက ဖော်ပြပါတယ်။
ဗိုလ်မှူးချုပ်စိုးမင်းထက် သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့ကတော့ ဗိုလ်မှူးချုပ်စိုးမင်းထက်ဟာ DSA အပတ်စဉ် (၄၁) ကဖြစ်ကြောင်း၊ သူသေဆုံးသွားပြီဆိုတဲ့ သတင်းဟာ မမှန်ကန်ဘဲ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ရှေ့တန်းရုံးဝင်းထဲက အေးချမ်းဖြိုးရိပ်သာမှာ ခိုလှုံနေတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ မြဝတီမြို့စောင့် ခလရ (၂၇၅) က တပ်သားတွေပုန်းခိုနေတဲ့ အမှတ်(၂) ကုန်သွယ်ရေးတံတားနားက ခန်းမဆောင်တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေကလည်း RFA ကိုပြောထားပါတယ်။