မြဝတီမြို့က နေရာတချို့ ရေကြီးနေ

ဇွန်လ ၉ ရက်နေ့ညနေအထိ ရေပြန်မကျသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေရာတချို့တွင် ရေကြီးနေသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: KIC News

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေတွေ ဝင်ရောက်လာတာကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အနီးက ရပ်ကွက် (၆) မှာ ဇွန်လ ၈ ရက်နေ့က စပြီး ရေကြီးနေပါတယ်။

ဇွန်လ ၉ ရက်နေ့ညနေအထိ ရေပြန်မကျသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အခုထိတော့ ရေပြန်မကျသေးဘူး။ ကျွန်တော်ဆီလာတဲ့အဖွဲ့တွေတောင် ဆိုင်ကယ်တွေမြုပ်ကုန်တာ၊ ကားတွေ မြုပ်ကုန်တာတွေရှိတယ်။ တချို့နေရာတွေမှာဆို ရေက ရင်ဆို့လောက်အထိရှိတယ်။ မြေနိမ့်ပိုင်းဖြစ်တဲ့အခါကျတော့ အဲဒီနေရာတွေက နှစ်စဉ်နှစ်တိုင်း ရေဝင်နေကျနေရာတွေပဲ။ နောက်သုံးရက် လေးရက်လောက်နေရင် ရေပြန်ကျသွားတယ်"

ဇွန်လ ၉ ရက်နေ့မှာတော့ မိုးမရွာတော့တာကြောင့် မကြာခင် ရက်ပိုင်းအတွင်း ရေပြန်ကျသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြဝတီမြို့ရပ်ကွက်တချို့နဲ့ အာရှလမ်းတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ဘေးက ပလောပို့ ယာယီစစ်ဘေးဒုက္ခသည်စခန်းလည်း ရေနစ်မြုပ်ခဲ့ပြီး ယာယီစစ်ဘေးဒုက္ခသည်နေအိမ် ၁ဝ လုံးဝန်းကျင် ပျက်စီးသွားပြီး ဒုက္ခသည်တွေကို ယာယီနေရောရွှေ့ပြောင်းထားရကြောင်း ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာနက ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org