စစ်ဘေးတိမ်းရှောင်လာတဲ့ မြန်မာတစ်သိန်းခန့်ကို လက်ခံဖို့ ပြင်ထားကြောင်း ထိုင်းအစိုးရ ပြော

မြဝတီမြို့အနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်နေချိန်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ လူဦးရေ တစ်သိန်းလောက်ကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြဝတီမြို့ အမှတ် ၁ တံတားတွင် ဖြတ်သန်းရန် စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိုင်းအစိုးရက မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ လူဦးရေ တစ်သိန်းလောက်ကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဒီနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ရဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးလာသူတွေကို လက်ခံပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောခဲ့တာပါ။

"ထိုင်းနိုင်ငံရဲ့ ဘေးကင်းလုံခြုံတဲ့ ဧရိယာမှာ လူပေါင်း တစ်သိန်းလောက်ကို ယာယီထားနိုင်ပါတယ်"

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း စစ်ကောင်စီဟာ အင်အားချည့်နဲ့လာနေပြီဖြစ်လို့ စစ်တိုက်တာတွေရပ်ပြီး တွေ့ဆုံဆွေးနွေးရမယ့် အချိန်ရောက်နေပြီလို့ မနေ့က ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းလာချိန်မှာ ထိုင်းအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အခုလဆန်းမှာ သိပ်းပိုက်ခဲ့ပြီးနောက် မြဝတီမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်လို့ မြို့ခံတွေဟာ ဧပြီလ ၇ ရက်နေ့ကစပြီး နေရပ်စွန့်ခွာနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org