မြဝတီမြို့ မြစန္ဒီကွက်သစ်က ဒေသခံ တစ်ထောင်ခန့် တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး နေရပ်စွန့်ခွာထွက်ပြေး

မြဝတီမြို့ မြစန္ဒီကွက်သစ်မှာ နေထိုင်တဲ့ ဒေသခံ တစ်ထောင်နီးပါးဟာ တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာသွားကြပါတယ်။

နေရပ်စွန့်ခွာရသည့် မြဝတီမြို့ မြစန္ဒီကွက်သစ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကရင်ပြည်နယ်၊ မြဝတီမြို့ မြစန္ဒီကွက်သစ်မှာ နေထိုင်တဲ့ ဒေသခံ တစ်ထောင်နီးပါးဟာ တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ သွားကြပြီလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

အဲဒီကွက်သစ်ထဲမှာ လက်ရှိ နေထိုင်သူမရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြစန္ဒီကွက်သစ်မှာ နေသူတွေက နေရပ်စွန့်ခွာတာ အရင်ရက်တွေ ကတည်းကပါ။ အခုအဲဒီကွက်သစ်ထဲမှာ လူမရှိတော့ဘူး။ တချို့က မဲကနယ်ဘက် ရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ တချို့ကျတော့ မြဝတီမြို့ပေါ်မှာ အိမ်ငှားနေကြတယ်”

နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေကို လူမှုကူညီရေးအဖွဲ့တွေက စားသောက်ရေး အကူအညီပေးထားပေမယ့် လူအင်အားများတာကြောင့် ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကွက်သစ်မှာ နေထိုင်သူတွေအနေနဲ့ ဒီဇင်ဘာ ၉ ရက်ဒီနေ့ နေ့လယ်ပိုင်းကစလို့ နှစ်နာရီအတွင်း ထွက်ခွာပေးရမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာ မဟုတ်ဘဲ ဒေသခံတွေဟာ အရင်ရက်ကတည်းက နေရပ်စွန့်ခွာသွားကြပြီး ဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

မြစန္ဒီကွက်သစ်ဟာ ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ မြဝတီကုန်သွယ်ရေးဇုန်အနီးမှာ ရှိပါတယ်။

အဲဒီတိုက်ပွဲကြောင့် မြစန္ဒီကွက်သစ်မှာ နေထိုင်သူတချို့ နေရပ်ပြန်မလာကြတော့သလို တိုက်ပွဲငြိမ်သွားလို့ နေရပ်ပြန်သူတွေလည်း အခုတစ်ခါ ထပ်မံပြီး နေရပ်စွန့်ခွာထွက်ပြေး ကြရတာလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org