မြဝတီ ကုန်သွယ်ရေးဇုန် ညပိုင်းသွားလာခွင့် ပိတ်ပင်
ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အဝင်အထွက်ဂိတ်ကို ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိ သူတွေက ပြောပါတယ်။
-
2018-11-08 -
-
-
Your browser doesn’t support HTML5 audio
ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အဝင်အထွက်ဂိတ်ကို ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ယခုရက်ပိုင်းအတွင် မြဝတီ-ကော့ကရိတ်လမ်းပေါ်မှာ အခွန်မဆောင်ထားတဲ့ တရားမဝင်ကုန်စည်တွေ သယ်ဆောင် သွားလာတာတွေ များလာတာကြောင့် နိုဝင်ဘာလ ၆ ရက်နေ့ကနေစပြီး မြဝတီကုန်သွယ်ရေးဇုန်ကို ညပိုင်းမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင် က RFA ကိုပြောပါတယ်။
အရင်က မြဝတီ ကုန်သွယ်ရေးဇုန် စစ်ဆေးရေးဂိတ်ကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား တိုးချဲ့ချထားပေးနိုင်ရေး ကရင်ပြည်နယ် အစိုးအရအဖွဲ့က ပြည်ထောင်စုအစိုးရကို တင်ပြတောင်းခံထားပါတယ်။
ဝန်ထမ်းအင်အား လုံလောက်မှုရှိသွားရင်တော့ စစ်ဆေးရေးဂိတ်ကို ၂၄ နာရီပတ်လုံး ပြန်လည်ဖွင့်လှစ်ပြီး ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကို အချိန်မရွေး ဖြတ်သန်းသွားလာခွင့်ပေးသွားမယ်လို့လည်း ဝန်ကြီး ဦးသန်းနိုင် က ပြောပါတယ်။
တရားမဝင်ကုန်စည်တွေ တင်ဆောင်ထားတဲ့ မော်တော်ယာဉ်တွေဟာ ညပိုင်းအချိန်တွေမှာ မြဝတီကုန်သွယ်ရေးဇုန် ကို ဖြတ်သန်းသွားလာတာတွေ များလာတာကြောင့် မြဝတီမြို့ ဝင်ထွက်သွားလာခွင့်ကို ညပိုင်းမှာ ခေတ္တပိတ်သိမ်း လိုက်တာဖြစ်ကြောင်း မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က RFA ကို ပြောပါတယ်။
"ကျနော်တို့ ကုန်သွယ်ရေးဇုန် အရှေ့က အာရှလမ်းမကြီးကို ည ၈ နာရီကနေ မနက် ၆ နာရီအထိကို ပိတ်ထားမယ်ပေါ့နော်၊ အခြေအနေပေါ်မူတည်ပြီးတော့မှ ဖြတ်သန်းလို့ရမယ့်အချိန်မှ ဂိတ်ထဲမှာ အစစ်ဆေးခံ၊ ပြီးမှဖြတ်ပေါ့နော်၊ အဓိကကတော့ တရားမဝင် ကုန်စည်တွေ ဖြတ်သန်းသွားလာမှုတွေများနေလို့ပါ၊ အဲဒါကြောင့် မို့ အုပ်ချုပ်ရေးကနေ အခုလို ဆောင်ရွက်တာပါ"
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က သယ်ဆောင်လာတဲ့ တရားမဝင်ကုန်စည်တွေကို မြဝတီ-ကော့ကရိတ်-ဘားအံ-ကျိုက်ထို-ရန်ကုန်လမ်းပေါ်မှာ မကြာခဏ ဖမ်းဆီးရမိတာတွေရှိပြီး အဲဒီထဲမှာ မြဝတီကုန်သွယ်ရေးဇုန် စစ်ဆေးရေး ဂိတ်ကို ဖြတ်သန်းလာတဲ့ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
အဲလိုဖြစ်ရတာဟာ အဂတိလိုက်စားမှုတွေ တရားမဝင် ငွေကြေးကောက်ခံတာတွေ ရှိနေတာကြောင့်ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာသမားတွေ စစ်ဆေးရေး ဂိတ်အဖွဲ့ တာဝန်ရှိသူတွေကို ဒီလဆန်းပိုင်းက သွားရောက်တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ယခင်က နားလည်မှုနဲ့ ၂၄ နာရီပတ်လုံး ဖွင့်လှစ်စစ်ဆေးနေတဲ့ မြဝတီ ကုန်သွယ်ရေးဇုန် စစ်ဆေးရေး ဂိတ်ကို သတ်မှတ်အလုပ်တာဝန်ချိန်အတိုင်း မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းမှာသာ ဖွင့်လှစ်စစ်ဆေးမှု ရှိတော့ပါတယ်။
ဒါ့ကြောင့် ညပိုင်းအချိန်တွေမှာ ရဲတပ်ဖွဲ့နဲ့ အကောက်အခွန်စစ်ဆေးရေးအဖွဲ့တွေ မရှိတော့ပဲ တရားမဝင် ကုန်ပစ္စည်းတွေဟာ အစစ်အဆေးမရှိဘဲ ရက်ပိုင်းအတွင်း စီးဆင်းမှုတွေ များလာကြောင်းလည်း ကရင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရားမဝင်ကုန်စည်တွေ ဝင်ရောက်နေတာကို ဟန့်တားနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန ၃ ခုကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က RFA ကိုပြောပါတယ်။
"ကုန်သွယ်ရေးဇုန်ကို နေ့ဆိုင်းရော၊ ညဆိုင်းရော၊ သက်ဆိုင်ရာ အကောက်ခွန်နဲ့ ပတ်သက်တဲ့ဝန်ထမ်းတွေ၊ ကုန်သွယ်ရေးဇုန်နဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးပိုင်းကျတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း လိုအပ် တာကြောင့် ဒီအဖွဲ့တွေကို အမြန်ဆုံးဆက်သွယ်ပြီး နေ့ဆိုင်း၊ ညဆိုင်း တာဝန်တိုးချထားနိုင်ရေးအတွက် ခေတ္တရပ်ဆိုင်းတဲ့သဘောပါ၊ သက်ဆိုင်ရာဝန်ကြီးဌာန ၃ ခု ကို ကျနော်တို့ ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်နေတယ်လေ၊ အဲတော့ မကြာခင် ပြန်ဖွင့်နိုင်မှာပေါ့"
အခုလို ညပိုင်းအချိန်မှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ကုန်သည်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေ အတွက် အခက်အခဲတွေ များစွာရှိတယ်လို့ ပြောကြပါတယ်။
မြဝတီမြို့ ကုန်သွယ်ရေးဇုန်အဝင်အထွက် ဂိတ်ကို ညပိုင်းမှာ ပိတ်ထားတဲ့ အကြောင်းကို KNU၊ KNPC၊ DKBA အပါအဝင် မြဝတီ- ကော့ကရိတ်လမ်းကြောင်းကို အသုံးပြုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကလည်း အကြောင်းကြားစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်လမ်းကြောင်းဟာ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကို ဝင်ထွက်သွားလာတဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ဒီလမ်းကို ညပိုင်းမှာ ပိတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ မဖြစ်မနေသွားလာဖို့လိုအပ်တဲ့ ခရီးသည်တွေအနေနဲ့ ကုန်သွယ်ရေး အမှတ်(၂) လမ်းကနေတော့ ဝင်ထွက်သွားလာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။