မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး ၅၀ ကျော် နုတ်ထွက်စာတင်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး သုံးဦး နဲ့ အရပ်သားတစ်ဦးတို့ ဖမ်းဆီးတရားစွဲ ခံနေရပါတယ်။ AA အဖွဲ့နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူခံရမှာကို စိုးရိမ်ထိတ်လန့်နေတဲ့ အုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မြေပုံမြို့တွင်း တစ်နေရာကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး သုံးဦး နဲ့ အရပ်သားတစ်ဦးတို့ ဖမ်းဆီးတရားစွဲ ခံနေရပါတယ်။ AA အဖွဲ့နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူခံရမှာကို  စိုးရိမ်ထိတ်လန့်နေတဲ့ အုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မြေပုံမြို့နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးနေတာတွေကြောင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၁ ဦးတို့ဟာ မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးရုံးမှာ ဒီနေ့ နုတ်ထွက်စာ တင်လိုက်ကြပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ AA အဖွဲ့နဲ့ ဆက်သွယ်တာလည်းမရှိဘဲ သံသယနဲ့ ဖမ်းဆီးနေတာကြောင့် နုတ်ထွက်ဖို့ဆုံးဖြတ်တာလို့ အမည်မဖော်လိုတဲ့ အုပ်ချပ်ရေးမှူး တစ်ဦးက ပြောပါတယ်.

"ကျနော်တို့နေတာက စစ်ဖြစ်နေတဲ့နေရာ မဟုတ်ဖူးလေ၊ အဲနေရာမှာ ဖမ်းဆီး ပြီးတော့ ကျနော်တို့ AA ကိုလည်းမသိဘူး၊ အကြမ်းဖက် အဖွဲ့အစည်းနဲ့လည်း မဆက်ဆံဘူး၊ အကြမ်းဖက် အဖွဲ့အစည်းကို လိုလည်း မလိုလားဘူး၊ အဲတာတွေကို သံသယဝင်ပြီးတော့ ကျနော်တို့ကို လိုက်ဖမ်းနေတယ်ဆိုရင် ဘယ်လိုလုပ် လုပ်ရမှာလဲ၊ တာဝန်တွေကို ထမ်းဆောင်ရဲမှာလည်း ဒါကြောင့် နုတ်ထွက်တာပါ။ လောလောဆယ်တော့ ၅၁ ယောက်ဟာ ရုံးခန်းထဲရောက်နေပြီ၊ နုတ်ထွက်စာတင်နေပြီ ရောက်သွားပြီလိုသိရပါတယ်၊ ကျန်တဲ့ ကွမ်းချောင်းတိုက်နယ်လည်း တင်ဖို့လုပ်နေပါတယ်"


ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့ ညပိုင်းတုန်းက မြေပုံမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနဲ့ ရွာသား တစ်ဦးဖြစ်တဲ့ ဦးတင်ထွန်း တို့ကို တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးစစ်ဆေးနေပြီး မေလ ၃၀ ရက်နေ့ ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှုး နှစ်ဦးတို့ကိုလည်း ဖမ်းဆီးတရားစွဲထားပါတယ်။

ဦးအောင်သန်းနဲ့ ဦးတင်ထွန်းတို့နှစ်ဦးကို တရားစွဲမယ့်သဘောရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"သူကိုတော့ အမှုဖွင့်ပုံရတယ်၊ မနေ့တုန်းက သဲတန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ပြီးတော့ သူရယ်၊ ကိုတင်ထွန်းဆိုတဲ့ နောက်တစ်ယောက်ရယ်ကို သူတို့ဆီကရတဲ့ ဖုန်းနှစ်ခုရယ် ပြီးတော့ စာရွက်တွေလည်း ပါတယ်ပြောတယ်၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ရတယ်ပေါ့၊ အဲလိုဆိုရင်တော့ အမှုဖွင့်ဖို့များတယ်ပေါ့၊ဒီနေ့များရမာန်ယူမလားမသိဘူး"


သူတို့ကိုတော့ ဘာပုဒ်မနဲ့ အမှုဖွင့်ထားတယ်၊ ရမာန်ယူတာတွေတော့ ဒီနေ့ မနက်ပိုင်းအထိ မတွေ့ရ သေးပါဘူး။

သူတို့ကို ဘာကြောင့် ဖမ်းဆီးစစ်ဆေးတယ်ဆိုတာ သိရဖို့ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကို ဖုန်းဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စတွေကို မသိရသေးဘူးလို့ ပြောပါတယ်။

မြေပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဇော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိလို့ ဖုန်းပြောဖို့ အဆင်မပြောဘူးလို့ ဆိုပါတယ်။

မေလ ၃၀ ရက် နေ့တုန်းကလည်း အငူသစ်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်တို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို  ဇွန်လ ၃ ရက်နေ့မှာတော့ မြေပုံမြို့နယ် တရားရုံးမှာ ရမာန်ယူခဲ့ပြီး ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်လို့ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေ ထွက်ကုန်ရင် တရားဥပဒေစိုးမိုးရေး အားနည်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"လောလောဆယ် အုပ်ချုပ်ရေးမှူးက သုံးယောက်တောင် ရှိသွားပြီဆိုတော့ အခြားအုပ်ချုပ်ရေး မှူးတွေလည်း ကြောက်လန့်ပြီး ရှောင်တိန်းနေရတာတွေရှိတယ်၊ အကျိုးဆက်ကတော့ ဒီအုပ်ချုပ်ရေးမှူးတွေ မရှိတော့ဘူးဆိုရင် ရပ်ရွာအေးချမ်းတည်ငြိမ်ရေး စီမံခန့်ခွဲရေး အတိုင်းအတာအားဖြင့် လုပ်မယ့်သူ မရှိဘဲ အကုန်လုံးအားနည်းသွားမယ်၊ အဲတာဆို တရားဥပဒေစိုးမိုးမှု အားနည်းလာမယ်၊ ရပ်ကွက် ကျေးရွာအုပ်စု အားလုံးတည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးမှူးတွေရှိဖို့လိုအပ်တယ်၊ အခုလို အကြောက်တရားနဲ့ နုတ်ထွက်ရတာဆိုရင် ဒေသအတွက်မကောင်းဘူး၊ အစိုးရအတွက် လုပ်ဆောင်ရ တာလည်းမကောင်းဘူး"


မြေပုံမြို့နယ်မှာ အရင်က တပ်မတော်က တပ်စွဲတာမရှိပေမယ့် ပြီးခဲ့တဲ့ တစ်လလောက်ကစလို့ မြေပုံ မြို့မရဲစခန်းမှာ တပ်မတော်က စခန်းချပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ လက်ရှိ တရားစွဲဆိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို စစ်ဆေးချက်တွေအရ AA နဲ့ ပတ်သက်မှု ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ ဇွန်လ ၃ ရက်နေ့တုန်းက RFA ကိုပြောပါတယ်။

အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာကတော့ စစ်ဆေးတွေ့ရှိချက် အပေါ်မှာ အစိုးရရှေ့နေတွေက ဆုံးဖြတ်တာဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။

အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတရားစွဲခံရတာတွေကြောင့် ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေက စိုးရိမ် ပြီး နုတ်ထွက်စာတင်လာနေတာရှိလို့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနိုင်တယ်ဆိုတာကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေအများကြီးရှိတဲ့အတွက် နှုတ်ထွက်သူတွေ ရှိသလို၊ ဆက်လုပ် မယ့်သူတွေလည်း ရှိနေတာကြောင့် အုပ်ချုပ်ရေး ယန္တရားပျက်ပြားနိုင်စရာမရှိဘူး လို့ တုံ့ပြန်ပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီအုပ်ချုပ်ရေးမှူးနှစ်ဦးဟာ AA နဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ RFA ကို ဇွန်လ ၃ ရက်နေ့တုန်းက ပြောဆိုထားပါတယ်။ သူတို့ဟာ သာမန်ဒေသခံပြည်သူတွေသာ ဖြစ်ပြီး၊ အရင်က မြန်မာစစ်တပ်ကနေ တောက်လျှောက်အသုံးပြုလာတဲ့ ဒီရွာလူကြီးတွေကို အခုလို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့လည်း ခိုင်သုခက ပြောပါတယ်။

မြေပုံမြို့နယ်မှာ ရပ်ကွက်ပေါင်း ၁၄ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၉ ခုရှိပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေဟာ ဖမ်းဆီးခံရတာတွေ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး တာဝန်တွေကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်တာတွေ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org